ကချင်ပြည်နယ်က တိုက်ပွဲရှောင်စခန်းများမှ ရွာပေါင်း ၁၇ ရွာကို နေရပ်ပြန်နိုင်ရန် ညှိနှိုင်းနေ

ကချင်ပြည်နယ်က တိုက်ပွဲရှောင်စခန်းများမှ ရွာပေါင်း ၁၇ ရွာကို နေရပ်ပြန်နိုင်ရန် ညှိနှိုင်းနေ
ကချင် တိုက်ပွဲရှောင်များကိုတွေ့ရစဉ်

ရန်ကုန်၊မတ်လ ၇။           ။ ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ရွာပေါင်း ၁၇ ရွာကို နေရပ်ပြန်နိုင်စေရန် ညှိနှိုင်းနေကြောင်း ကချင် လူသားချင်းစာနာမှုကော်မတီ(KHCC)မှ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

ပြန်လည် နေရာချထားမှု လုပ်ရန် ညှိနှိုင်းနေသော ကျေးရွာ ၁၇ ရွာမှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီ၊ မိုးကောင်းနှင့် မိုးမောက်မြို့နယ်ထဲမှ ကျေးရွာများ ဖြစ်ကြောင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ ချုပ်(KBC) ၏ ဥက္ကဋ္ဌလည်းဖြစ်  KHCC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်  ပြောသည်။

“ရွာ ၁၇ ရွာ နေရပ် ပြန်နိုင်ဖို့ ညှိနေတယ်။ ပြီးရင် NRPC နဲ့ မူဝါဒရေးရာမှာ NRPC ရဲ့ မူဝါဒနဲ့ ကိုက်မကိုက် စစ်နေတယ်။ KHCC ရဲ့ မူဝါဒနဲ့လည်း ကိုက်မကိုက် ပြန်စစ်ရမယ်။ ကွဲလွဲမှုတွေ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလက ငြိမ်းချမ်းရေးကော်မရှင်(PC)၊ တပ်မတော်၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) နှင့် KHCC တို့ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုမှ တိုက်ပွဲရှောင် ၁၀၀၀၀ ကျော်ကို လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ဂျပန်နိပွန်ဖောင်ဒေးရှင်းကလည်း ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များ ပြန်လည် နေရာ ချထားရေး အတွက် KHCC သို့ အမေရိကန်ဒေါ်လာ ၅ သန်း ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

ပုံ - KNG နိပွန်ဖောင်ဒေးရှင်း ကချင်တိုက်ပွဲရှောင်များ နေရပ်ြပန်နိုင်ရေး  အမေရိကန်ဒေါ်လာ ၅ သန်း လှူဒါန်းစဉ်
 

“အဲဒီမှာ နိပွန်ဖောင်ဒေးရှင်းက ပေးလှူတဲ့ ဒေါ်လာ ၅ သန်းနဲ့ လုပ်သွားမယ်။ KBC ကနေတဆင့် ကန့်မှာ ရှိနေတဲ့ ရွာတွေ ကို ဥပမာ ကက်သလစ်လည်း ပါမယ်။ နှစ်ခြင်းလည်း ပါမယ်။ အားလုံးကို ခြုံငုံပါတယ်” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

နိပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားသည့် အမေရိကန်ဒေါ်လာ ၅ သန်းကို လူဦးရေ ၃၀၀၀ မှ ၅၀၀၀ ကြားရှိ ကချင်တိုက်ပွဲ ရှောင် အိမ်ထောင်စု ၅၀၀ နေရပ်ပြန်ရေး ဆောင်ရွက်ပေးမည် အစီအစဉ်မှာ အပြုသွားမည်ဖြစ် ကြောင်း သိရသည်။

နေရပ်ပြန် တိုက်ပွဲရှောင်များ နေထိုင်နိုင်ရန်အတွက် လက်ရှိတွင် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ၌ နေအိမ်များ စတင် ဆောက်လုပ်နေပြီးဖြစ်သလို ဗန်းမော်မြို့နယ်ဘက်တွင်မူ စာရင်း အချက်အလက် ကောက်ယူခြင်း၊ တိုက်ပွဲရှောင်များနှင့် ညှိနှိုင်းသည့် အဆင့်သာ ရှိသေးကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်မည့် ကျေးရွာ ၁၇ ရွာနှင့် တိုက်ပွဲရှောင် လူဦးရေ စာရင်းကို KBC အနေဖြင့် စာရင်းပြုစုနေသည့် အဆင့်သာရှိသေးအတွက် မတ်လကုန်ပိုင်းလောက်မှ နေရပ်ပြန်လိုသည့် အိမ်ထောင်စုစာရင်း အတိအကျကို ပြောနိုင်မည်ဖြစ်ကြောင်း ဒေါက်တာခလမ်ဆန်ဆွန်က ဆိုသည်။

မရန်ဇော်လုံးက “စာရင်းကောက်တာက အခုက ကောက်နေဆဲပဲ။ ဘာမှ ဘယ်လောက်ဆိုတာ အတိအကျပြောလို့ မရသေးဘူး။ ကျွန်တော် တို့ KBC Camp မှာလည်း ဘယ်သူက နေရပ်ပြန်မယ်။ ဘယ်သူက နေခဲ့မယ်။ ပြန်လည် နေရာချထားရေးမှာ စိတ်ဝင်စား တာက ဘယ်နှအိမ်ထောင်စု ဘယ်နှရွာဆိုတာ ကျွန်တော်တို့လည်း စာရင်း ကောက် နေပါတယ်”ဟု ဆိုသည်။

မိုင်းနား KBC စစ်ရှောင်စခန်းမှ ဒုတာဝန်ခံ ကိုဘရန်မိုင်ကလည်း KHCC က စာရင်းကောက်ရန် ပြောထားပြီး စာရင်း အတိအကျကို လာမည့်အပတ်မှသာ သိနိုင်မည်ဖြစ်ကြောင်း ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲရှောင် စခန်းပေါင်း ၁၆၉ ခုရှိပြီး တိုက်ပွဲရှောင် လူဦးရေ ၁၇၀၀၀၀ ကျော်ရှိကြောင်း အရပ်ဖက် အဖွဲ့အစည်းများ၊ တိုက်ပွဲရှောင်များ ကူညီပေးနေသည့်အဖွဲ့အစည်းများထံမှ သိရသည်။

ထိုတိုက်ပွဲရှောင်များသည် တပ်မတော်နှင့် KIA တို့ ၂၀၁၁ ခုနှစ်က စတင်၍ ဖြစ်ပွားခဲ့သော တစ်ကျော့ပြန် တိုက်ပွဲများ ကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသူများဖြစ်သည်။

လက်ရှိမှာတော့ KIA နှင့် အစိုးရ-တပ်မတော်တို့ ပါဝင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တို့ ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral) လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်း နေကြပြီး KIA ဘက်က လက်မှတ်ထိုးရန် အစီအစဉ်ရှိကြောင်း ပြောထားသည်။

မရန်ဇော်လုံးက “အစိုးရက နှစ်ဖက်အဖွဲ့အစည်းတွေ အေးအေးဆေးဆေး NCA ထိုးဖို့လည်း အာမခံမှုရှိတယ်ဆိုတော့ သူတို့ ပြန်ကြမှာ နေရပ်ကိုလည်း ပြန်ချင်တယ်လို့ ပြောထားတယ်။ ဆန္ဒပြုထားတယ်။ အခုကန့်ထဲမှာပဲ အိမ်ဝယ်ပြီး ဆောက်ချင်တဲ့ သူတွေလည်းရှိတော့ စာရင်းက ပြန်ကောက်မှပဲ အတိအကျသိရမှာ” ဟု ဆိုသည်။

ကချင်တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေသော KHCC ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၊ ကက်သလစ်အသင်းတော်၊ အင်္ဂလီကန် အသင်းတော်၊ လွတ်လပ် သော တိုင်းရင်းသား ခရစ်ယာန်၊ လလော်နှစ်ခြင်း အသင်းတော်၊ လီဆူနှစ်ခြင်း အသင်းတော် စသည့် အဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required