ဗာတီကန်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်

ဗာတီကန်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်

အီတလီနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက် ရှိနေချိန်မှာ ဗာတီကန်နိုင်ငံထဲ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာကို သောကြာနေ့က စစ်ဆေးတွေ့ရှိပါတယ်။

ခုလို ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိလာပြီဖြစ်တာကြောင့် ဗာတီကန်နိုင်ငံငယ်ထဲ ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေ ရာပေါင်းများစွာကို ကာကွယ်ဖို့ ရုံးအချို့ကို ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာကြောင့် ပုပ်ရဟန်းမင်းကြီးက စိတ်မကောင်းကြောင်း စာထုတ်ပြန်ပြီး စိန့်ပီတာရင်ပြင်ဟာလည်း လူသွားလူလာ ပြတ်လပ်သလောက် ဖြစ်နေပါတယ်။

ဗာတီကန် ကျန်းမာရေးဆေးရုံမှာ ကြာသပတေးနေ့က လူနာတစ်ဦးမှာ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စမ်းသပ်တွေ့ရှိတာဖြစ်တယ်လို့ ဗာတီကန် ပြောခွင့်ရသူ မတ်တိုးဘရူနီက အသေးစိတ်မဆိုဘဲ အေအက်ဖ်ပီကို ပြောပါတယ်။

သောကြာနေ့မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိ လူနာတစ်ဦးကို ထပ်မံတွေ့ရှိပြီး ဗာတီကန်ဗဟိုအစိုးရရဲ့ ရုံးအချို့ကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှုအဖြစ် ပိတ်ထားကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ရပ်က ဆိုပါတယ်။

သံသယရှိလူနာရဲ့ စစ်ဆေးမှုရလဒ်အဖြေကို တာဝန်ရှိသူတွေ စောင့်စားနေတယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောပေမယ့် အသေးစိတ်တော့ ပြောဆိုခြင်း မရှိပါ။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က followers ပေါင်း ၁၈ ဒသမ ၁ သန်း ရှိတဲ့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ကိုရိုနာကူးစက်ခံရသူနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေကို အားပေးစကား ပြောခဲ့ပါတယ်။

ဗာတီကန်နိုင်ငံငယ်ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း လူပေါင်း ၁၄၈ ဦး သေဆုံးပြီး ၃၈၀၀ ကျော် ကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နေရတဲ့ အီတလီနိုင်ငံက ဝိုင်းရံလျက်ရှိတဲ့ နိုင်ငံငယ်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly