ကိုရိုနာဗိုင်းရပ်စ်အရေး စိတ်အေးအေးထားကြရန် သမ္မတ ထရမ့် တိုက်တွန်းပြောဆို

ကိုရိုနာဗိုင်းရပ်စ်အရေး စိတ်အေးအေးထားကြရန် သမ္မတ ထရမ့် တိုက်တွန်းပြောဆို

မတ်လ ၇။            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတွင်း ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးမှာ အစိုးရိမ်မကြီးဘဲ စိတ်အေးအေးထားကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို အမေရိကန်က တုံ့ပြန်နေရာမှာ ဦးဆောင်နေရာက ပါဝင်တဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာသို့ လာရောက်စဉ်မှာ သတင်းထောက်တွေကို ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၄၀ ရှိတယ်။ ကူးစက်ခံရသူ တော်တော်များများ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပါတယ်။”လို့ ထရမ့်က ပြောပါတယ်။

ရောဂါခြေချုပ်အဖြစ် ဆန်ဖရန်စစ္စကို ကမ်းလွန်မှာ သောင်တင်နေတဲ့ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁ ဦး စမ်းသပ်တွေ့ရှိတယ်လို့ ဒုတိယသမ္မတ မိုက်ပန့်ကလည်း သောကြာနေ့က ပြောပါတယ်။

“သင်္ဘောပေါ်က အမှုထမ်း ၁၉ ဦးနဲ့ ခရီးသည်နှစ်ဦးမှာ ကိုရိုနာ ကူးစက်ခံထားရတာ ဖြစ်တယ်။”လို့ ကိုရိုနာအရေး ကိုင်တွယ်ဖြေရှင်းရန် သမ္မတ ထရမ့်ရဲ့ တာဝန်ပေးတာ ခံရတဲ့ မိုက်ပန့်က ဆိုပါတယ်။

အဆိုပါ Grand Princess အပျော်စီးသင်္ဘောကို ဒီ စနေ၊ တနင်္ဂနွေမှာ ကမ်းကပ်ခိုင်းမှာ ဖြစ်ပြီး ခရီးသည် ၃၅၃၃ ဦးစလုံးကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးသွားမှာဖြစ်ကြောင်းလည်း မိုက်ပန့်က ပြောပါတယ်။

ဒီ အပျော်စီးသင်္ဘောဟာ ကမ်းကပ်ဖို့ ဆိုက်ရောက်လာချိန် ဗုဒ္ဓဟူးနေ့ကစပြီး ရောဂါခြေချုပ်အဖြစ် ကမ်းလွန်မှာ သောင်တင်လျက် ရှိနေတာဖြစ်ပါတယ်။ အရင် ခရီးစဉ်က သင်္ဘောပေါ်ပါ လူနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့တာကြောင့် ခုလို ရောဂါခြေချုပ်အဖြစ် ထားရှိထားတာ ဖြစ်ပါတယ်။ ကူးစက်ခံရသူ နှစ်ဦးအနက် တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၂၀၀ ကျော်ထက်မနည်း ရှိနေရာမှာ ၁၂ ဦး သေဆုံးပြီး အဲဒီ သေဆုံးသူတွေမှာ ၁၁ ဦးဟာ ဝါရှင်တန်ပြည်နယ်က ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၉၁ နိုင်ငံမှာ ပျံ့နှံ့နေပြီး ကူးစက်ဖြစ်ပွားသူပေါင်း တစ်သိန်းကျော်ထက်မနည်း ရှိကာ သေဆုံးသူ ၃၄၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly