အာဖဂန်နစ္စတန်မှာ နိုင်ငံရေးစုရုံးပွဲအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၂၇ ဦး သေဆုံး

အာဖဂန်နစ္စတန်မှာ နိုင်ငံရေးစုရုံးပွဲအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၂၇ ဦး သေဆုံး
Photo: AFP

အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်မှာ ပြီးခဲ့တဲ့သောကြာနေ့က နိုင်ငံရေးစုရုံးတစ်ရပ်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်တာကြောင့် လူ ၂၇ ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုဟာဆိုရင် တာလီဘန်တွေနဲ့ အမေရိကန်က တပ်ရုပ်သိမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးပြီးနောက်ပိုင်း လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်က အမေရိကန်နဲ့ တာလီဘန်တွေ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အာဖဂန်နိုင်ငံတွင်းက နိုင်ငံခြားတပ်တွေအားလုံး ရုပ်သိမ်းဖို့ ၁၄ လအလိုမှာ မြို့တော် ကဘူးလ်အတွင်း လုံခြုံရေး အားနည်းပျော့ကွက်ရှိနေတာကို အခု တိုက်ခိုက်မှုက မီးမောင်းထိုးပြလျက် ရှိပါတယ်။

သေဆုံးသူတွေမှာ အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်ပြီး ဒဏ်ရာရသူ ၂၉ ဦး ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာစရတ်ရာဟီမီက ပြောပါတယ်။

တိုက်ခိုက်ရေးသမားတွေကို အထူးတပ်ဖွဲ့ယူနစ်က လိုက်လံရှင်းလင်းနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

“သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်။”လို့ နာစရတ်ရာဟီမီက ဆိုပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နီဇာမူဒင်ဂျာလစ်က သေဆုံးသူ ၂၉ ဦး ရှိပြီး ဒဏ်ရာရသူ ၃၀ ရှိတယ်လို့ ပြောပါတယ်။

ရှီယိုက်အများစုဖြစ်တဲ့ ဟာဇာရာတိုင်းရင်းသားအုပ်စုက နိုင်ငံရေးသမား အက်ဒူအလီမာဇာရီအတွက် အထိမ်းအမှတ်စုရုံးပွဲမှာ ဖြစ်ပွားတဲ့ အခု တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာလီဘန်တွေကတော့ ၎င်းတို့ လက်ချက်မဟုတ်ဘူးလို့ ချက်ချင်းငြင်းဆန်ထားပါတယ်။

အခုလို လူအစုအပြုံလိုက် သတ်ဖြတ်တာကို သမ္မတ ဂါနီက ရှုတ်ချပြီး လူသားချင်းစာနာမှုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီ စုရုံးပွဲမှာ နိုင်ငံရဲ့ နိုင်ငံရဲ့ နိုင်ငံရေးအထက်တန်းလွှာက ပုဂ္ဂိုလ်တော်တော်များများ တက်ရောက်ခဲ့တာ ဖြစ်ပေမယ့် ပြည်ထဲရေးဝန်ကြီးက အဆင့်မြင့်ပုဂ္ဂိုလ်အားလုံးကို အခင်းဖြစ်ရာကနေ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly