သံသယရှိ ပါလက်စတိုင်း ဗုံးခွဲသူတွေရဲ့ အိမ်တွေကို အစ္စရေး ဖြိုဖျက်

သံသယရှိ ပါလက်စတိုင်း ဗုံးခွဲသူတွေရဲ့ အိမ်တွေကို အစ္စရေး ဖြိုဖျက်

မတ်လ ၆။               ။ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ အစ္စရေးဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က ဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်တယ် စွပ်စွဲပြီး ပါလက်စတိုင်း အမျိုးသားနှစ်ဦးရဲ့ အိမ်တွေကို အစ္စရေးဟာ ကြာသပတေးနေ့က ဖြိုချဖျက်ဆီးခဲ့ပါတယ်။

ဗုံးခွဲမှုဟာ ၂၀၁၉ ဩဂုတ် ၂၃ ရက်က ဂျူးအခြေစိုက်အိမ်ရာ ဒိုလက်နားက ရေပူစမ်းတစ်ခုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ရီနာရှနက်ဆိုသူ မိန်းကလေးတစ်ဦး သေဆုံးပြီး သူ့ ဖခင်နဲ့ အစ်ကိုဖြစ်သူတို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒီ ဗုံးခွဲမှု နောက်ပိုင်းမှာ တားမြစ်ထားတဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအထူးတပ်ဦးရဲ့ အဖွဲ့တွေအဖြစ် အခု လမ်းဘေးဗုံးကို ထောင်ခွဲခြင်းဖြစ်တယ်ဆိုပြီး လူလေးဦးကို အစစ်အဆေး အမေးအမြန်းမရှိ ဖမ်းဆီးခဲ့ပါတယ်။

အစ္စရေး စစ်တပ်ရဲ့ အင်္ဂလိပ်လို ထုတ်ပြန်ချက်မှာ ရာမာလက်ရှ်မြို့က ဝါလစ်နာနက်ရှီရဲ့ အိမ်နဲ့ ဘာဇိမြို့နားက ယာဇန်မူဂါမစ်တို့ရဲ့ အိမ်ကို စစ်သားတွေက ကြာသပတေးနေ့မှာ ဖြိုချပစ်ခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒီ အိမ်တွေကို ဖြိုချနေချိန်မှာ ပါလက်စတိုင်းတွေဟာ ကန့်ကွက်ဆန့်ကျင်ပြီး အစ္စရေးစစ်သားတွေကို ကျောက်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ကြပြီး ကားတာယာတွေကို မီးရှို့ကြတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးစစ်သားတွေက ဆန္ဒပြသူတွေကို တုံ့ပြန်ခဲ့ပေမယ့် နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရတဲ့ သတင်း မကြားသိရပါ။

တိုက်ခိုက်မှုတွေ ကျုးလွန်တယ်လို့ စွပ်စွဲရင်း အစ္စရေးဟာ နေအိမ်တွေကို ဖြိုချဖျက်ဆီးပစ်လေ့ ရှိပါတယ်။ ဒီလို လုပ်တာဟာ အဟန့်အတား ဖြစ်အောင် လုပ်ရတာလို့ အစ္စဖက်က ချေပပေမယ့် ဝေဖန်သူတွေကတော့ ဒါဟာ သာလွန်အင်အားနဲ့ အပြစ်ပေးတာပဲလို့ ပြောဆိုဝေဖန်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly