COVID-19 ရောဂါကို ခုခံနိုင်သည်ဆိုသော သတင်းမှားများကို ယုံပြီး မပေါ့ကြရန် ဒေါက်တာခင်ခင်ကြီးပြော

COVID-19 ရောဂါကို ခုခံနိုင်သည်ဆိုသော သတင်းမှားများကို ယုံပြီး မပေါ့ကြရန် ဒေါက်တာခင်ခင်ကြီးပြော

ရန်ကုန်၊ မတ်။              ။ မြန်မာလူမျိုးများအနေဖြင့် COVID-19 ရောဂါကို ခုခံနိုင်စွမ်းရှိနေသည်ဟု ပြည်သူတချို့ ယုံကြည်နေကြရာ သတင်းအမှား များကို မယုံကြည်ကြရန်အပြင် လူမှုကွန်ယက်တွင် မျှဝေခြင်း မပြုကြရန်နှင့် မပေါ့ဆကြရန် ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၆ ရက်တွင် ရန်ကုန်မြို့၊ Chatrium Hotel ၌ ပြုလုပ်သည့် COVID-19 နှင့် ပတ်သက်ပြီး သတင်းမှန် ရရှိရေး ဆွေးနွေးပွဲမှာ အထက်ပါအတိုင်း ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာခင်ခင်ကြီးက“ဒါနဲ့ပတ်သက်လို့ Immunity(ကိုယ်ခံစွမ်းအား)ဆိုတာမရှိပါဘူး။ အဲ့ဒါကြောင့် ဟို Immunity ၊ ဒီ Immunity က ကာကွယ်နိုင်တယ်ဆိုတာ မယုံပါနဲ့၊ အဲ့ဒါတွေ Share ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ Share လိုက်ခြင်းအားဖြင့် လူထုက ငါတို့မှာ ကိုယ်ခံအားရှိတယ်၊ ငါတို့က ညစ်ညစ်ပတ်ပတ်နေလို့ ကိုယ်ခံအားရှိတယ်။ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အတွေးတွေ၊ သိပ္ပံနည်းမကျတဲ့ဟာတွေ လူထုကို အဲ့ဒီလို သတင်းအမှားတွေကို မပေးပါနဲ့။ ဒီရောဂါကဆိုရင် အသစ်ဖြစ်တဲ့ အတွက်ကြောင့် ကိုယ်ခံအား မရှိသေးပါဘူး။ ဒါ့ကြောင့် ကာကွယ်ဆေးတွေကို ရရှိဖို့ အပြင်းအထန်ကြိုးစားနေတာပါ”ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ ဒီလို သတင်းအမှားတွေ ပေးခြင်းအားဖြင့် လူထုမှာ ဘာဖြစ်လာလဲဆိုတော့ မကြောက်တော့ဘူး။ အဲ့ဒီလို မကြောက်တဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကနေ သွေဖည် လာတာမျိုးတွေ ရှိနိုင်ပါတယ်။ ငါတို့က ဘာမှ မဖြစ်ဘူးဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက ဒီလို လုပ်ဆောင်ပါဆိုတဲ့ အချက်တွေ မလုပ်ဆောင်ရင် ပြည်သူ လူထု တစ်ရပ်လုံး အန္တရာယ်ရှိပါတယ်” ဟု ပြောသည်။

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့နေပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁ဝ၈ နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြု လူနာ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါ အတည်ပြုလူနာ မရှိသေးသည့်အပေါ် ပြည်သူတချို့ အနေဖြင့် သံသယရှိနေသကဲ့သို့  ကျန်းမာရေးဝန်ကြီးဌာနမှ COVID-19 နှင့် ပတ်သက်သည့် သတင်းမှန်များကို ဖုံးကွယ်ထားသည်ဟု ပြောဆိုနေကြသည်။

ထိုအပေါ် ဒေါက်တာခင်ခင်ကြီးက  “ကျွန်မတို့မှာ ဘာမှ ဖုံးကွယ်ထားခြင်း မရှိပါဘူး၊ အရှိကို အရှိတိုင်းပါပဲ။ case တွေ ရှိနေ တာကို ဖုံးကွယ်ထားတာလား ဆိုတာမျိုး၊ လုံးဝ အဲ့လို မတွေးပါနဲ့၊ အဓိပ္ပာယ်မရှိတဲ့ အတွေး ဖြစ်ပါ တယ်။ ဖုံးကွယ်ထားလို့ ရတဲ့ ရောဂါလည်း မဟုတ်ပါဘူး။ ဖုံးကွယ်ဖို့ နေနေသာသာ တွေ့ချင်လို့ ကြိုးစားပြီး ရှာနေတာ ဖြစ်ပါတယ်။ အဲ့တော့ သတင်းမှားတွေကို မယုံဖို့၊ မ Share ဖို့၊ မဟုတ်တဲ့ သတင်း အချက်အလက် တွေကို မပေးဖို့ လိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

ယနေ့ (မတ်လ ၆) ရက်တွင် COVID-19 ရောဂါ သံသယ လက္ခဏာများ တွေ့ရှိရသောကြောင့် မန္တလေးတိုင်းဒေသကြီးက မန္တလေးကန်တော်နဒီဆေးရုံ၌ တင်ထားသော အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

သေဆုံးသွားသော အမျိုးသမီးတွင် ဆီးချိုရောဂါ အခံရှိနေပြီး၊ ကျောက်ကပ်နှင့် နှလုံးလည်း ကောင်းမွန်မှု မရှိသောကြောင့် COVID-19 ကြောင့် သေဆုံးခြင်း ဟုတ်/မဟုတ် ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင် ရာဌာနတွင် စစ်ဆေး လျက်ရှိကြောင်းလည်း သိရသည်။

လူစုလူဝေး ပွဲလမ်းသဘင်များ၌ ရောဂါရှိနေသူ(သို့မဟုတ်) ရောဂါလက္ခဏာ မပြသေးသော်လည်း ရောဂါရှိနေသူ တစ်ဦး ထံမှ လူအများသို့ ကူးစက်ခြင်း ဖြစ်ပွားနိုင်သောကြောင့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ရှောင် ကြဉ်ကြရန်နှင့် အကြောင်း အမျိုးမျိုးကြောင့် သွားလာရသည့်အခါ ထုတ်ပြန်ထားသည့် ရှောင်ရန်၊ ဆောင်ရန်များကို လိုက်နာရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required