မတ်၊၆
မတ်လ ၆ရက်နေ့ အစောပိုင်းက အက်ဖ်အေဖလားရှုံးထွက်ပွဲစဉ် လက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဒါဘီကောင်တီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ဒီပွဲစဉ်မှာတော့ ဧည့်သည် မန်ချက်စတာယူနိုက်တက်အသင်းက နောက်ခံလူ လုရှော၊ ဇန်နဝါရီအပြောင်းအရွှေ့က ခေါ်ယူထားတဲ့ တိုက်စစ်မှူး အီဂါလိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၃ဂိုးပြတ်ဖြင့် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။
ကွာတားဖိုင်နယ်အဆင့်မှာတော့ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ နောဝှစ်ချ်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ နောဝှစ်ချ်အသင်းနဲ့ ထပ်တိုက်တွေ့ဆုံမှုနှစ်ကြိမ်မှာလည်း မန်ယူအသင်းက အသာစီးရယူထားနိုင်ခဲ့ပါတယ်။
အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်တွေကတော့ လက်ရှိချန်ပီယံမန်စီးတီးက နယူးကာစယ်ယူနိုက်တက်၊ အာဆင်နယ်က ရှက်ဖီးယူနိုက်တက်နဲ့ အကြိတ်အနယ်ရှိလာနိုင်တဲ့ လက်စတာစီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ပွဲစဉ်တွေပဲဖြစ်ပါတယ်။
ဒီနှစ် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ် တက်ရောက်လာတဲ့အသင်းတိုင်းဟာ ပရီးမီးယားလိဂ်ကအသင်းတွေဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမည့် မတ်လ ၂၁ရက် (စနေနေ့)မှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိပါတယ်။