တရုတ်တို့၏ ကြွေးမြီထောင်ချောက်အန္တရာယ်

တရုတ်တို့၏ ကြွေးမြီထောင်ချောက်အန္တရာယ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူရှိ မက်ဒဲကျွန်းက ဆိပ်ခံတံတားပေါ်က တံငါသည်လှေများ။ Photos: AFP & EPA

မတ် ၅

တရုတ်သည် အရှေ့တောင်အာရှအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကြီးမားလာအောင် လုပ်ဆောင်လျက်ရှိပြီး ရံဖန်ရံခါ ၎င်းတို့၏လုပ်ရပ်များသည် အာဏာရှင်ဆန်သော အစိုးရများကို အားပေးအားမြှောက်ပြုရာပင်ရောက်သည်။  မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်းကာလကို ဖြတ်သန်းနေသော်လည်း ရွေးကောက်ခံအစိုးရသည် ဘင်္ဂါလီအရေးမှာ ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခြင်းက အားလုံးအမြင်ပင်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည့် မြန်မာသည် တပ်မတော်၏ ခြယ်လှယ်မှုအောက်မှ မလွတ်မြောက်နိုင်သေးခြင်းနှင့် တရုတ်အကူအညီကို များစွာယူနေရခြင်းတို့ကြောင့်ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံအား ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် အရေးပါသော မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်လျက်ရှိသည်။ ထိုရည်မှန်းချက်ပြည့်ဝရန် တရုတ်သည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အားဖြင့် စီမံကိန်းများစွာတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ယူနန်မှ မန္တလေး၊ ရန်ကုန်တို့ကို ဖြတ်ကာ ကျောက်ဖြူအထိချိတ်ဆက်မည့် (၁၇၀၀) ကီလိုမီတာရှည်လျားသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းသည် BRI စီမံကိန်းကြီး၏ အရေးပါသော အစိတ်အပိုင်းလည်းဖြစ်သည်။ တရုတ်သည် တရားဝင်အားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော မြို့များကို ဖြတ်ကာ အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း ထိုမှတစ်ဆင့် ကြီးမားကျယ်ပြန့်သော အိန္ဒိယသမုဒ္ဒရာဒေသအထိပါ လွှမ်းမိုးခြေဆန့်နိုင်ရန် မြန်မာနိုင်ငံကို စင်္ကြံတစ်ခုအဖြစ် စဉ်းစားထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြင်းအားဖြင့် ခက်ခဲသော မလက်ကာ ရေလက်ကြားကို ဖြတ်သန်းစရာမလိုတော့ကြောင်း တရုတ်တို့က အခိုင်အမာယုံကြည်ထားကြသည်။

၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၄၇၀ ဘီလီယံခန့်ရှိချိန်မှာ တရုတ်နှင့်မြန်မာတို့၏ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ၂၀၁၆-၂၀၁၇ ခုနှစ်၌ အမေရိကန်ဒေါ်လာ (၁၀ ဒဿမ ၈ ) ဘီလီယံရှိသည်။ တရုတ်သည် မြန်မာနိုင်ငံကို နိုင်ငံရေးအရ လွှမ်းမိုးသည့်အပြင် စီးပွားရေးကိုပါ အသုံးချနိုင်ကြောင်း ထိုအချက်က ညွှန်ပြလျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကို လျော့ကျရေးလုပ်ဆောင်နေသည့် လွတ်လပ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် The United States Institute of Peace ၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် မြန်မာလူမျိုးများသည် တရုတ်တို့၏ ရည်ရွယ်ချက်များကို စတင်သံသယဖြစ်လာပြီဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်သည် အစိုးရ၏ ရွေးချယ်ဆုံးဖြတ်ချက်များကို ပုံဖော်ပေးလျက် မြန်မာရင်ဆိုင်နေရသော အဓိကကျသည့် ပဋိပက္ခပြဿနာများတွင် ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ပါဝင်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။

တရုတ်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်အပါအဝင် စီမံကိန်းများစွာတွင် ရင်းနှီးမြှုပ်နှံထားမှု ၅၁ ရာခိုင်နှုန်းမကရှိနေပြီး CMEC စီမံကိန်းများမှတစ်ဆင့် ကြွေးမြီထောင်ချောက်ပိတ်မိမည်ကိုလည်း မြန်မာတို့ စိုးရိမ်လျက်ရှိသည်။ BRI သည် စီးပွားရေးနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုလုပ်ဆောင်ဟန်အသွင်ဖြင့် အာဏာဖြန့်ကြက်ရန် ကြိုးစားနေသည့် ဝှက်ဖဲတစ်ချပ်သာကြောင်း ဝေဖန်ရေးသမားများက ထောက်ပြကြသည်။ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဆူဒန်ကဲ့သို့သောနိုင်ငံများတွင် တရုတ်တို့၏ ခေါင်းပုံဖြတ်ကြွေးမြီမူဝါဒများသည် ချေးငှားသူနိုင်ငံများအတွက်  အချုပ်အခြာအာဏာကို ဆုံးရှုံးလုနီးပါးဖြစ်စေမည့် သာဓကပြယုဂ်ပင်ဖြစ်သည်။

ယနေ့အချိန်ထိ အဆိုပါ BRI စီမံကိန်းနှင့်ပတ်သက်နေသော နိုင်ငံပေါင်း ၅၄ နိုင်ငံများအနက် နိုင်ငံအတော်များများတွင် တရုတ်တို့စီမံကိန်းများကို ဆန့်ကျင်သော ဖြစ်စဉ်များစွာ ပေါ်ပေါက်လျက်ရှိသည်။ ၂၀၁၈-၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ နိုင်ငံများသည် BRI ကို ဆန့်ကျင်ရန် နည်းလမ်းမျိုးစုံဖြင့် အကူအညီတောင်းခံခဲ့ကြသည်။  ဥပမာအားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၅ ရက်က တရုတ်လူမျိုးများနှင့် ဒေသခံများအကြား ပဋိပက္ခများဖြစ်ပွားခဲ့သည်။ အဆိုပါတရုတ်လူမျိုးအများအပြားသည် ကာစီနိုလုပ်ငန်းများလုပ်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်တိုင်းရင်းသားများကို ထောက်ပံ့ပေးခြင်း စသည့် ဥပဒေနှင့် ငြိစွန်းသော အလုပ်များကို ကျူးလွန်ကြသည်ဟု ပြောဆိုနေကြပြီး ထိုမြို့တွင် တရားမဝင်နေထိုင်နေသော တရုတ်နိုင်ငံသားများကို မှတ်ပုံတင်ပေးမည့် ကော်မတီကို ဖွဲ့စည်းခဲ့ကြရသည်။

အလားတူပင် မြဝတီတွင် တရုတ်လုပ်ငန်းရှင် Jilin Tati အုပ်စုက ထပ်မံတိုးချဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေသော ရွှေကုက္ကိုမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းသည် အဆိုပါဒေသတွင် တရုတ်တို့ လွှမ်းမိုးလာမည်ကို စိုးရိမ်၍ ရပ်သွားပြီဟု ဆိုသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ အထူးစီးပွားရေးဇုန်နှင့် တရုတ်ကျောထောက်နောက်ခံပြု မြစ်ဆုံဆည်ကဲ့သို့သော တရုတ်စီမံကိန်းများကို  ဆန့်ကျင်နေကြဆဲဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတွင် ရွာ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ မြေနေရာအစားပေးရေးအတွက် ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် စစ်ကိုင်းအစိုးရသည် ဝမ်ပေါင်သတ္တုတွင်းကုမ္ပဏီခွဲဖြစ်သည့် Myanmar Yang Tse Copper Ltd ကို ထိုဒေသ၌ ကြေးနီတူးဖော်ခြင်းလုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့မှုအား ၂၀၁၉ စက်တင်ဘာ ၃၀ ရက်က ပြန်လည်ပယ်ဖျက်ခဲ့သည်။ ရန်ကုန်ရှိ တရုတ်ပိုင် Sky Man စတီးစက်ရုံသည် မီတာခနှုန်းထားများ မြင့်တက်လာမှုကြောင့် ငွေကြေးအဆင်မပြေဖြစ်ဟန်ရှိကာ အပြီးအပိုင် ပိတ်သိမ်းသွားခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ရှိပြီး ၎င်းအနက် တရုတ်ကို ပေးရမည့်အကြွေးသည် ၄၀ ရာခိုင်နှုန်းမျှရှိသည်။ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများက များပြားလာသောကြွေးမြီများအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြပြီး တရုတ်ကြွေးမြီများကို တတ်နိုင်သမျှ မြန်မြန်ဆပ်ရန် အစိုးရကို တိုက်တွန်းဆော်ဩခဲ့သည်။ မြန်မာနိုင်ငံကို ချေးငွေပေးသည့် နိုင်ငံများအနက် တရုတ်ချေးငွေ၏အတိုးနှုန်းသည် အများဆုံးဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ ထိုကြွေးမြီထောက်ချောက်ကို ရှောင်ရှားနိုင်ရန်အတွက် မြန်မာသည် တရုတ်ချေးငွေကို တစ်တိတိ ဆပ်နေပြီဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း တရုတ်အကူအညီဖြင့် မူလက အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံဖြင့် ရင်းနှီးလုပ်ဆောင်မည်ဟု လျာထားသော်လည်း တရုတ်တို့၏ခေါင်းပုံဖြတ်မူဝါဒများကြောင့် တစ်ကြောင်း၊ အကြွေးနွံနစ်မှာလည်း စိုးရိမ်သည်က တစ်ကြောင်း  ၁ ဒဿမ ၃ ဘီလီယံအထိ လျှော့ချပစ်ခဲ့သည်။ အရှေ့တောင်အာရှအခြေစိုက် ဂျာနယ်လစ်နှင့် မဟာဗျူဟာ အတိုင်ပင်ခံတစ်ဦးဖြစ်သူ Bertil Lintner က တရုတ်တို့၏ စီးပွားရေးဖွံ့ဖြိုးမှုအမည်ခံ ရင်းနှီးမြှုပ်နှံမှုများသည် အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးနိုင်ရေး ဝိုးတဝါးစစ်ဆင်ရေးတစ်ခုဖြစ်သည်ဟု ဆိုသည်။ အသေးစိတ်လေ့လာမှုများလုပ်ခဲ့သည့် Lintner ၏ အဆိုအရ တရုတ်တို့သည် ဩဇာလွှမ်းမိုးနိုင်ရေး ရည်မှန်းချက်အထမြောက်ရန် အိန္ဒိယသမုဒ္ဒရာသည် အရေးပါသော နယ်ပယ်ဖြစ်ကြောင်း သိရသည်။ တရုတ်တို့၏ငွေကြေးအကူအညီကို ရယူထား၍ စိုးရိမ်နေကြသည့် နိုင်ငံများနှင့် ပြည်သူများအနေဖြင့် အသိဉာဏ်သုံးပြီး သတိရှိရှိနေခြင်းဖြင့်သာ ဤအခြေအနေကို တော်လှန်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required