အလုပ်သမားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ၍ ဖေ့ဘုတ်က ဆီယက်တဲလ်ရှိ ရုံးချုပ်ကို ပိတ်

အလုပ်သမားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ၍ ဖေ့ဘုတ်က ဆီယက်တဲလ်ရှိ ရုံးချုပ်ကို ပိတ်

ဝါရှင်တန်ပြည်နယ်တစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားလျက် ရှိနေချိန် ဖေ့ဘုတ်ကုမ္ပဏီက ၎င်း၏ ဆီယက်တဲလ်ရုံးချုပ်တွင် အလုပ်လုပ်ကိုင်နေသော ကန်ထရိုက်တာတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း ကြေညာသည်။

ကူးစက်ခံရသူ အလုပ်သမားသည် ဖေ့ဘုတ်ကုမ္ပဏီ၏ ဆီယက်တဲလ်ရှိ Stadium East ရုံးချုပ်တွင် ဖေဖော်ဝါရီ ၂၁ ရက်အထိ နောက်ဆုံး လုပ်ကိုင်ခဲ့သူဖြစ်သည်။

ယင်းရုံးသည် အမေရိကန်နိုင်ငံအတွင်း ကိုရိုနာကြောင့် လူခြောက်ဦး သေဆုံးမှုနှင့် ဆက်စပ်နေသော သူနာပြုစင်တာနှင့် ၁၂ မိုင်သာ အဝေး၌ ရှိခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့ညက ဖေ့ဘုတ်သည် ကျန်အလုပ်သမားများကို သတိပေးတပ်လှန့်ခဲ့ပြီး ရုံးအား မတ် ၉ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာသည်။

အလုပ်သမား အားလုံးကိုလည်း ယခုလ၏ ကျန်ရက်များတွင် အိမ်မှသာ အလုပ်လုပ်ကြရန်လည်း တွန်းအားပေးတိုက်တွန်းလျက် ရှိသည်။

“ကျွန်တော်တို့ရဲ့ Stadium East ရုံးမှာ လုပ်ကိုင်နေတဲ့ ကန်ထရိုက်တာတစ်ဦး ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံရတာကို တွေ့ရှိပါတယ်။”ဟု ပြောခွင့်ရသူ ထရေစီကလေတန်က ထုတ်ပြန်ချက်၌ ဆိုသည်။

“ကျွန်တော်တို့ရဲ့ အလုပ်သမား အားလုံးကို ကျွန်တော်တို့ အကြောင်းကြားထားတယ်။ အားလုံးရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးက အဓိကဦးစားပေးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အကြံပြုချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းတယ်။”ဟု ထရေစီက ပြောသည်။

ယခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ဖေ့ဘုတ်ကုမ္ပဏီ၌ ပထမဆုံး ဖြစ်သည်။

ယင်းမတိုင်ခင် တစ်ရက်က Amazon ကုမ္ပဏီက ၎င်း၏ အလုပ်သမားတစ်ဦး ကိုရိုနာ ကူးစက်ခံရကြောင်း ကြေညာထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly