အိန္ဒိယအရှေ့မြောက်နှင့် မြန်မာနယ်စပ်မြို့သို့ အာဆီယံသံအမတ်များ ငါးရက်ကြာခရီးစဉ် စတင်

အိန္ဒိယအရှေ့မြောက်နှင့် မြန်မာနယ်စပ်မြို့သို့ အာဆီယံသံအမတ်များ ငါးရက်ကြာခရီးစဉ် စတင်
ရီခေါ်ဒါမြို့က ထင်ရှားသော အသဲပုံ ရေကန်

ရန်ကုန်၊ မတ်လ ၅။               ။ နယူးဒေလီတွင် အခြေစိုက်သော၊ အာဆီယံ သံအမတ်များသည် ငါးရက်ကြာ ခရီးစဉ်တစ်ခုအဖြစ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မတ်လ ၅ ရက်နေ့ (ကြာသပတေးနေ့)တွင် ရောက်ရှိမည်ဖြစ် ကြောင်း၊ ထိုအစီအစဉ်နှင့် ပူးပေါင်း သတင်းယူမည့် မဇ္ဈိမသတင်းအဖွဲ့က ဆိုသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများအပေါ် စိတ်ဝင်စားမှှုများ မြင့်တက်လာခြင်း ဖြစ်ကြောင်း အဆိုပါခရီးစဉ်က ညွှန်ပြနေခြင်းလည်း ဖြစ်သည်။

ခရီးစဉ်သို့ သံအမတ်များ သာမက ၎င်းတို့၏ အိမ်ထောင်ဘက်များလည်း လိုက်ပါကြမည်ဖြစ်ကာ၊ ထို့နောက် တွင် မြန်မာနိုင်ငံ ချင်းပြည်နယ်သို့လည်း သွားရောက်လည်ပတ်ကြမည် ဖြစ်သည်။

အာဆီယံ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မြို့တော် Aizawl မှ နေ၍ ကုန်းကြောင်းလမ်းဖြင့် ချင်းပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သည့် ရိဒ်ခေါဒါရ် (Rikhawdar) မြို့သို့ Rikhawdar-Zokhuthar နယ်စပ်ဂိတ်ကို ဖြတ်၍ သွားရောက်ရန် စီစဉ်ထားသည်။

ထိုနယ်စပ်ဂိတ်အား နိုင်ငံတကား ဂိတ်တံခါးတစ်ခုအဖြစ် အိန္ဒိယနှင့် မြန်မာတို့က ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် တရားဝင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။  

လွန်ခဲ့သော နှစ်လကလည်း ထိုကိုယ်စားလှယ်များသည် အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်သို့ သွားရောက်ခဲ့ ကြကာ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နောက်ထပ် နယ်စပ်ဂိတ်ဖြစ်သည့် မိုရေး-တမူးဂိတ်သို့ သွားရောက် ခဲ့ကြသည်။

ထိုစဉ်က (၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်) အာဆီယံ သံအမတ်များနှင့် ၎င်းတို့၏ အိမ်ထောင်ဘက်များသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တမူးမြို့တွင် တွေ့ဆုံခဲ့ကြကာ၊ တမူးရှိ ကုန်သွယ်ရေး ရပ်ဝန်းနှင့် ထင်ရှားသော နေရာများသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်၏ ပွဲတော်ကြီး တစ်ခုဖြစ်သည့် Chapchar Kut 2020 ကို ယခုအပတ်တွင် ဆင်နွှဲကြလျက်ရှိပြီး၊ အာဆီယံ ကိုယ်စားလှယ် အဖွဲ့သည်လည်း ထိုပွဲတော်ကို ပါဝင်ဆင်နွှဲကြရန်အတွက် မတ်လ ၆ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်၌ ရှိနေကြမည် ဖြစ်သည်။      

မြန်မာနိုင်ငံမှ မဇ္ဈိမမီဒီယာအဖွဲ့သည် ဤအစီအစဉ်အတွက် မီဒီယာမိတ်ဘက်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

မဇ္ဈိမ၏ အယ်ဒီတာချုပ်နှင့် မန်းနေးဂျင်းဒါရိုက်တာ ဦးစိုးမြင့်က “ဒီလို ခရီးစဉ်တွေဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံ ကြား သာမက အာဆီယံ နိုင်ငံတွေနဲ့ပါ၊ မဟာဗျူဟာမြောက် နယ်စပ်နေရာတွေအားလုံးကနေ တဆင့် ခရီး သွားလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးတွေကို မြှင့်တင်ဖို့ ရည်ရွယ်တာပါ” ဟု ပြော သည်။

ရီခေါ်ဒါမြို့အဝင်

မီဇိုရမ်ခရီးစဉ်နှင့် ပတ်သတ်၍ အရာရှိ အသိုင်းအဝန်းကြားတွင် စိတ်အားထက်သန်မှုများလည်း ရှိနေကြသည်။

မီဇိုရမ် ဗျူရိုကရက် အရာရှိဟောင်း နှင့် သတင်းမီဒီယာ Northeast Now အတွက် မူဝါဒရေးရာ လေ့လာသုံးသပ်သူ L R Sailo က “ဝေးလံတဲ့ ပြည်နယ်တစ်ခု အနေနဲ့ ကိုယ့်ကိုယ်ကို အရောင်းမြှင့်တင်ဖို့ ဒါဟာ ကြီးမားတဲ့ အခွင့်အလမ်း တစ်ခုပါ။ ဒါကို ကျွန်တော်တို့ အကောင်းဆုံး အသုံးချနိုင်ကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

“မီဇိုရမ်ဝန်ကြီးချုပ် Zoramthanga ခေါင်းဆောင်တဲ့ မီဇိုရမ်ပြည်နယ် အစိုးရ နဲ့ ပြည်သူတွေဟာ ဒီသမိုင်းဝင် ခရီးစဉ်အပေါ် စိတ်အားထက်သန် နေကြပါတယ်။ အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် မီဇိုရမ်နဲ့ နယ်နိမိတ်သာမက ယဉ်ကျေးမှု အမွေအနှစ် တော်တော်များများပါ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုနီးကပ်လာအောင် ဒီခရီးစဉ်က အထောက်အကူ ပြုပါလိမ့်မယ်။ Act East Policy နဲ့အတူ၊ အာဆီယံနိုင်ငံတွေဟာ မီဇိုရမ်ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းပါဝင် အထောက်အကူပြုနိုင်ပြီး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှှုတွေကိုလည်းတိုးမြှင့်နိုင်လိမ့်မယ်လို့ မီဇိုရမ်ပြည်နယ်က မျှော်လင့်ပါတယ်” ဟု မီဇိုရမ်အစိုးရ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ မစ္စတာ Pratap Chhetri က မဇ္ဈိမကို Aizawl မြို့တွင် မတ်လ ၅ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ပြောခဲ့သည်။

မီဇိုရမ်အစိုးရ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ Andrew Hangsing က “မီဇိုရမ် နဲ့ အာဆီယံက၊ အထူးသဖြင့် ကျွန်တော်တို့နဲ့ အရာ တော်တော်များများမှာ ဆင်တူတဲ့ မြန်မာနိုင်ငံက ပြည်သူတွေကြားမှာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုချင်း ထိတွေ့ဆက်သွယ်မှု နဲ့  ပြည်သူအချင်းချင်း ရင်းနှီးနားလည်မှှု စတာတွေကို ဒီခရီးစဉ်က မြှင့်တင်ပေးလိမ့်မယ်လို့ ကျွန်တော် အမှန်တကယ်ကို မျှော်လင့်မိပါတယ်။ ပြီးတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၊ မီဇိုရမ် ပြည်သူတွေနဲ့ မြန်မာပြည်သူတွေကြား အထူးသဖြင့် ချင်းတောင်တန်းဒေသမှာ နေထိုင်ကြတဲ့ Zohnahthlak လို့ ကျွန်တော်တို့ ခေါ်ကြသူတွေကြားမှာ အပြန်အလှန် ထိတွေ့ဆက်သွယ်မှုတွေ တိုးတက်လာစေခြင်းအားဖြင့် ဒီခရီးစဉ်ဟာ အိန္ဒိယ အစိုးရရဲ့ Look East, Act East မူဝါဒကို အထောက်အကူပြုမှာဖြစ်စေမှာလို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။ ကုလားတန် ဘက်စုံ ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း၊ နယ်စပ်ဈေးကွက် နဲ့ ရိဒ်-တီးတိန် လမ်းစီမံကိန်း စတဲ့ အဓိက စီမံကိန်းတချို့ဟာလည်း ဒီခရီးစဉ်ကြောင့် ပိုအလုပ်တွင်လာစေနိုင်ပါတယ်” ဟု ပြောခဲ့သည်။

အာဆီယံနိုင်ငံများမှ လုပ်ဖော်ကိုင်ဘက်များနှင့်အတူ ခရီးစဉ်ကို ဦးဆောင်စီစဉ်ခဲ့သော အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က “အာဆီယံ နဲ့ အိန္ဒိယဟာ မဟာဗျူဟာမြောက် မိတ်ဘက်တွေ ဖြစ်ကြပြီး၊ အိန္ဒိယ နဲ့ အရှေ့တောင်အာရှကြားမှာ မြန်မာနိုင်ငံက ကုန်းမြေ တံတားတစ်ခု သဖွယ်လည်း ဖြစ်ပါတယ်။ အိန္ဒိယ အရှေ့မြောက်ဒေသဟာ Act East မူဝါဒမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေပါတယ်။ အဲဒီ ဒေသတွေမှာ ကြီးမားလှတဲ့ စီးပွားရေး အလားအလာတစ်ရပ်လည်း ရှိပါတယ်။ အာဆီယံ၊ မြန်မာ နဲ့ အိန္ဒိယတို့ကြားမှာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီခရီးစဉ်ကို ကျွန်တော် ကူညီ စီစဉ်ခဲ့တာပါ။ အရင်ကလည်း မဏိပူရနဲ့၊ စစ်ကိုင်းတိုင်းထဲက တမူးမြို့ ခရီးစဉ်ကို ကျွန်တော်တို့ စီစဉ်ခဲ့ကြပြီး၊ အဲဒီခရီးစဉ်ဟာ အောင်မြင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အာဆီယံနဲ့ အိန္ဒိယက စိတ်ဝင်စားမှုတွေကို ဆွဲဆောင်နိုင်ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသဟာ အိန္ဒိယကနေ အာဆီယံအတွက် ဂိတ်တံခါးပေါက်တစ်ခုမို့ပါ။ ဆက်သွယ်ရေး စီမံကိန်းတွေ အများကြီး ဆောင်ရွက်နေတာမို့ ဒေသအတွက် အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်” ဟု ပြောခဲ့သည်။    

မြန်မာသံအမတ်ကြီး အပါအဝင် အာဆီယံ သံအမတ်များသည် မီဇိုရမ်ပြည်နယ်သို့ မတ်လ ၅ရက်နေ့မှ ၉ရက်နေ့အထိ သွားရောက်လည်ပတ်လျက်ရှိကြသည်။

မြန်မာနိုင်ငံမှ ချင်းပြည်နယ် အာဏာပိုင်များသည် အာဆီယံ သံအမတ်အဖွဲ့ကို ချင်းပြည်နယ် နယ်စပ်မြို့ ရိဒ်ခေါဒါရ် တွင် မတ်လ ၇ရက်နေ့ နှင့် ၈ရက်နေ့တို့တွင်  လက်ခံတွေ့ဆုံရန် ပြင်ဆင်နေကြလျက်ရှိကာ၊ ဧည့်သည် အာဆီယံ သံအမတ်များ နှင့် ချင်းပြည်နယ် ဝန်ကြီးအဖွဲ့တို့ကြား တွေ့ဆုံဆွေးနွေးမှှုများ ပြုလုပ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ အာဆီယံသံအမတ်များနှင့် ၎င်းတို့၏ အိမ်ထောင်ဘက်များသည် ခရီးစဉ်အတွင်းတွင် နယ်စပ်ဒေသ၏ ထင်ရှားသောနေရာများအနက်မှ တစ်ခုဖြစ်သည့် ရိဒ်ရေကန်သို့လည်း သွားရောက်လည်ပတ်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required