အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအကူအညီကို အီရန် ငြင်းပယ်

အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအကူအညီကို အီရန် ငြင်းပယ်
Photo  - AFP

မတ်လ ၅။          ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် အမေရိကန်ရဲ့ အကူအညီပေးမယ် ကမ်းလှမ်းချက်ကို အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ဗုဒ္ဓဟူးနေ့မှာ ငြင်းပယ်လိုက်ပါတယ်။

အီရန်အပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အီရန်မှာ ဆေးဝါးအခက်အခဲ ဖြစ်ရတယ်လို့ ပြောဆိုရင်း ငြင်းဆန်ပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ရပ်တန့်ရေးအတွက် လုံးပမ်းလျက် ရှိနေပြီး ယင်း ဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း သေဆုံးသူ ၉၂ ဦး ရှိကာ ကူးစက်ဖြစ်ပွားသူပေါင်း ၂၉၂၂ ဦး ရှိတယ်လို့ အတည်ပြုထားပါတယ်။

စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကို ပိတ်ထားပြီး အဓိကယဉ်ကျေးမှုပွဲတော်တွေနဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ရွှေ့ဆိုင်းထားပါတယ်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီး နိုင်ငံမှာ ဆေးဝါးနဲ့ အစားအစာတောင် ချို့တဲ့အောင် လုပ်ခဲ့ကြသူတွေက အီရန်ကို ကူညီလိုပါတယ်ဆိုပြီး သနားကရုဏာထားဟန် မျက်နှာဖုံး တပ်လာကြတာပဲ။”လို့ အမေရိကန်ကို ရှင်းရှင်းလင်းလင်း ညွှန်းပြီး သမ္မတ ရိုဟာနီက ပြောဆိုပါတယ်။

အီရန်သာ အကူအညီ တောင်းခဲ့ရင် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအရေးမှာ အီရန်ကို ကူညီသွားဖို့ အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ခင်ဗျားတို့ လိမ်ညာနေတာတွေကို ကျွန်တော်တို့ ပြည်သူတွေက ကောင်းကောင်းကြီးသိတယ်။”လို့ ရုပ်သံကနေ ထုတ်လွှင့်တဲ့ သီတင်းပတ်တာ ကက်ဘိနက်အစည်းအဝေးမှာ သမ္မတ ရိုဟာနီက ပြောခဲ့ပါတယ်။

အမေရိကန်ဟာ သမိုင်းဝင် နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ပြီး ၂၀၁၈ မှာ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေ ပြန်လည်ချမှတ်ပြဌာန်းလာခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required