တရုတ်ပြည်သို့ ကြံတင်ပို့ရန် ကားငှားမရ၍ ကြံစိုက်တောင်သူများ အခက်ကြုံ

တရုတ်ပြည်သို့ ကြံတင်ပို့ရန် ကားငှားမရ၍ ကြံစိုက်တောင်သူများ အခက်ကြုံ

မန္တလေး၊ မတ် ၄

တရုတ်နိုင်ငံသို့ ပစ္စည်းတင်ပို့ရန် ဖေဖော်ဝါရီ ၂၅ ရက်နောက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့သော်လည်း ကားငှား၍ မရသဖြင့် ကြံစိုက်တောင်သူများ အခက်ကြုံနေကြရကြောင်း သတင်းရရှိသည်။

"လမ်းကြောပွင့်ပြီး တရုတ်နိုင်ငံကို တခေါက်တင်ပို့လိုက်ရတယ်၊ အဲနောက်ပိုင်းကစတင်ပြီး ခုချိန်ထိ ကားငှား လို့မရတော့ဘူး၊ တစ်သျှူးငှက်ပျောသီးတင်ပိုဖို့အတွက် ကားတွေကိုဈေးကြီးပေးခေါ်သွားတာကြောင့် ဒီလိုဖြစ် သွားတာပါ၊ ၁၂ဘီးကားကို ကျွန်တော်တို့ ကြံက ၂၅တန်တင်တယ်၊ တစ်တန်ကိုငါးသောင်းပေးရတယ်၊ သူတို့က ၁၇တန်ပဲတင်ပြီး ကြံတင်တဲ့ ၂၅တန်နှုန်းကိုပေးတော့ ကားသမားတွေက ကျွန်တော်တို့ကြံဆိုရင်မတင်ကြတော့ ဘူး။"ဟု ကြံတင်ပို့နေသည့် ကိုချိုးတူးက ပြောသည်။

တရုတ်နိုင်ငံက ကြံအား ကုန်ကြမ်းအတိုင်းဝယ်ယူနေသည့်အပြင် ကြံတစ်တန်လျှင် ပြည်တွင်းစက်ရုံများက ပေးအပ်ခြင်းမရှိသော ဈေးနှုန်းဖြစ်သည့် တစ်သိန်းကျပ်အထိ ပေးဝယ်ခြင်းကြောင့် စိုက်ပျိုးတောင်သူများမှ အဆင်ပြေသဖြင့် တင်ပို့လိုကြသော်လည်း တင်ပို့ရန်ပင် ကားငှားမရသဖြင့် အခက်တွေ့နေကြခြင်းဖြစ်သည်။

"တစ်သျှူးငှက်ပျောက ၁၇တန်လောက်တင်ပြီး တစီးကို ၂၅သိန်းလောက်ရနေတာဆိုတော့ ကြံဆိုရင် လှည့်တောင်မကြည့်တော့ဘူး၊ အဲဒီအတွက် ပြည်တွင်း စက်ရုံတွေ ပို့ဖို့ကြတော့လည်း ခွဲတမ်းနဲ့ရောင်းနေရတာ ဖြစ်တဲ့အတွက် ရောင်းရမှုကနည်းသွားတယ်၊ အဲဒီတော့အဆင်မပြေတော့ဘူးပေါ့၊ ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင် ပြည်တွင်းကြံတွေ စုပြုံသွားမယ်။"ဟု ထီးချိုင့်မြို့နယ် ကြံစိုက်တောင်သူဦးတင်ဆောင်က ပြောသည်။

တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသဖြင့် ပြည်တွင်းရောင်းချမှုပြုလုပ်လိုသော်လည်း ပြည်တွင်း သကြားစက်ရုံများကလည်း ကြံကြိတ်ဝါးမှုကို လျော့ချထားခြင်းကြောင့် ပြည်တွင်းတွင် ထွက်ရှိနေသော ပမာဏအားလုံးကို ဝယ်ယူနိုင်မည်အခြေအနေတွင် မရှိကြောင်း၊ ထို့အတွက် ပြည်တွင်းသကြားဈေးကွက်မှာ တဖြည်းဖြည်း ကျဆင်းလာခြင်းကြောင့် ကြံဈေးမှာလည်း ရရှိခြင်းမရှိသဖြင့် ထပ်မံစိုက်ပျိုရန်ပင် မလွယ်သည့် အခြေအနေဖြင့် ရင်ဆိုင် နေရကြောင်း သိရသည်။

"သကြားလက်ကျန်တွေက များနေတယ်၊ အဲဒီအတွက် ယခုနှစ်ကြံကြိတ်ဝါးမှုကိုတောင် လျော့ချထားရတယ်၊ ကြံ စိုက်ခင်းအသစ်တွေကိုလည်း ဝယ်ယူပေးနိုင်ခြင်းမရှိတော့ဘူးလို့လည်း ကြံစိုက်တောင်သူတွေကို အသိပေးထား ပါတယ်။"ဟု ထီးချိုင့်မြို့နယ်၊ မောင်ကုန်းကျေးရွာရှိ ဂရိတ်ဝေါလ်ဝေမာသကြားစက်ရုံမှူး ဦးကျော်နိုင်က ပြောသည်။

လက်ရှိတွင် နိုင်ငံတကာဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းသကြားဈေးမြင့်တက်လာကာ တစ်ပိဿာလျှင် ၉၃၀ ကျပ်ရောက်ရှိလာခြင်းကြောင့် ပြည်တွင်းသကြားစက်ရုံများအတွက် လူးသာလွန့်သာ အခြေအနေ ရောက်ရှိလာသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required