ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနိုင်ခြေရှိသူများကို အသွားအလာပိတ်ပင်ကန့်သတ်စောင့်ကြည့်မှုပြုလုပ်ရန်နေရာများ ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်ထား

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနိုင်ခြေရှိသူများကို အသွားအလာပိတ်ပင်ကန့်သတ်စောင့်ကြည့်မှုပြုလုပ်ရန်နေရာများ ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်ထား

ရန်ကုန်၊ မတ် ၄ ရက်။         ။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ဖြစ်ပွားနိုင်ခြေရှိသူများကို Hospital Quarantine (ဆေးရုံတွင် အသွားအလာပိတ်ပင်ကန့်သတ်စောင့်ကြည့်ခြင်း) ပြုလုပ်ရန်အတွက် ကူးစက်ရောဂါဆေးရုံ အဖြစ် သတ်မှတ်ထားသော ဝေဘာဂီဆေးရုံတွင် ထားရှိတော့မည်မဟုတ်ဘဲ သီးသန့်ထားရှိရန် နေရာများကို ကြိုတင်ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက မဇ္စျိမကို ပြောသည်။

ဒေါက်တာခင်ခင်ကြီးက “အဲ့ဒါနဲ့ ပတ်သက်လို့ စီစဉ်ထားတယ်ဆိုတာက ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါပဲ။ ဥပမာဆိုရင် ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာတို့၊ သံသယလူနာတို့ ဖြစ်ရင်ထားဖို့ ရည်ရွယ်ပါတယ်။ ဝေဘာဂီဆေးရုံမှာလည်း အခန်းအရေအတွက်ကအစ အကန့်အသတ်ရှိပါတယ်။ အခုလိုဆိုရင် ကိုရီးယားက ပြန်လာတဲ့ ကျောင်းသူလေးတွေထားထားတယ်ဆိုရင် တစ်ခန်းက ကုန်နေပြီ။ ပြီးခဲ့တဲ့ သုံးရက်က ရောက်တဲ့ ကျောင်းသူလေး ၇ ဦးရယ်၊ ပြီးခဲ့တဲ့ တစ်ရက်ခြားက ကျောင်းသူလေးသုံးဦးရယ်၊ ၂ ရက်နေ့က ရောက်တဲ့ ကျောင်းသူလေး ၃ ဦးရယ်။ သူတို့ဆိုရင်တောင် ၂ ခန်းလိုနေပြီပေါ့နော်။ ကျွန်မတို့ အဲ့ဒီအတွက်ကြောင့် အခန်းတွေက လိုလာပြီပေါ့နော်။ နောက်ပိုင်း ကျွန်မတို့ Hospital Quarantine လုပ်တဲ့အခါမှာ ဝေဘာဂီမှာ ထားဖို့ လုံလောက်မှုမရှိမှာစိုးလို့ ကြိုတင်ပြင်ဆင်တဲ့ သဘောပေါ့။ တောင်ဥက္ကလာမိခင်နဲ့ ကလေးဆေးရုံ၊ လှည်းကူးမှာရှိတဲ့ ကွင်းဆင်းသင်တန်းကျောင်းမှာ သူတို့တွေကို ထားရှိဖို့အတွက် ပြင်ဆင်ထားမယ်” ဟု ပြောသည်။

Hospital Quarantine (ဆေးရုံတွင် အသွားအလာပိတ်ပင်ကန့်သတ်စောင့်ကြည့်ခြင်း) ပြုလုပ်ရန်လိုအပ်သူများကို တည်ဆောက်ပြီးသော်လည်း လူနာများမထားရှိရသေးသော တောင်ဥက္ကလာပရှိ မိခင်နှင့်ကလေးဆေးရုံ (၄)ထပ်ဆောင်၊ လှည်းကူးကွင်းဆင်း သင်တန်းကျောင်းများတွင် ထားရှိရန်ပြင်ဆင်နေပြီး ဖောင်ကြီးသင်တန်းကျောင်းတွင်လည်း ထားရှိနိုင်ရန် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် ဝေဘာဂီကူးစက်ရောဂါဆေးရုံကြီးတွင် ရောဂါလက္ခဏာရှိသူများ၊ စောင့်ကြည့်လူနာနှင့် သံသယလူနာများကိုသာ ထားရှိတော့မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်အဓိကဖြစ်ပွားရာနေရာများမှ ပြန်လာသူများ၊ ရောဂါဖြစ်ပွားသူများနှင့် အနီးကပ်ထိတွေ့နေထိုင်ခဲ့သူ (Close Contact) များကို ဆေးရုံတွင် အသွားအလာကန့်သတ်တားမြစ်စောင့် ကြည့်ခြင်းများ ပြုလုပ် လျှက်ရှိပြီး စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို ပိုပြီး တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။

“Quarantine (အသွားအလာပိတ်ပင်ကန့်သတ်စောင့်ကြည့်ခြင်း) မှာဆိုရင် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ Quarantine လုပ်တယ်ဆိုတဲ့ သဘောကိုက သူက ရောဂါဖြစ်နေသူမဟုတ်ဘူး။ ရောဂါဖြစ်တဲ့သူနဲ့ ထိတွေ့မှုရှိထားတဲ့သူက မတော်တဆ သူ့ဆီမှာရောဂါများကူးစက်လာမလား။ ကူးစက်လာရင် မြန်မြန်ဆန်ဆန်သိပြီး လိုအပ်တဲ့ ကုသမှုတွေ ရအောင်၊ သူက တစ်ဆင့် အခြားသူတွေကို မကူးစက်အောင် ရည်ရွယ်ပါတယ်။ Quarantine ဆိုတဲ့ အပိုင်းမှာလည်း နှစ်ခုရှိတယ်။ အိမ်မှာလုပ်တာနဲ့ ဆေးရုံမှာလုပ်တာဆိုပြီး ရှိတယ်။ ဒါပေမယ့် အိမ်မှာ Quarantine လုပ်ဖို့ကလည်း မြန်မာနိုင်ငံအနေအထားနဲ့ လုပ်ဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့တွေ Hospital Quarantine တွေ လုပ်ဖို့ လိုလာပါတယ်။ အီတလီတို့၊ ဂျပန်တို့၊ အီရန်တို့ တောင်ကိုရီးယားတို့ တရုတ်ပြင်ပ ဒီလေးခုမှာဆိုရင် အစုလိုက်အပြုံလိုက်ဖြစ်နေတယ်။ အဲ့ဒီလိုမျိုးဖြစ်မှာကို စိုးရိမ်တယ်။ အဲ့ဒါကြောင့် ကြိုကြိုတင်တင်လုပ်ထားတာပါ။ Quarantine လုပ်ဖို့ နောက်ထပ်လူတွေလာခဲ့ရင်ဆိုပြီးတော့ ကြိုပြင်ထားတာပါ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မတ်လ ၃ ရက်နေ့ ညအထိ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းရှိ ဆေးရုံကြီးများတွင် စောင့်ကြည့်ကုသပေးနေသော စောင့်ကြည့်လူနာ ၄ ဦးရှိနေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ စောင့်ကြည့်လူနာ ၄ ဦးတွင် ၃ ဦး၌ COVID-19 ရောဂါ သံသယလက္ခဏာများတွေ့ရှိခဲ့ရကြောင်းနှင့် လူနာအားလုံး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးရန် မြန်မာနိုင်ငံအမျိုးသားဓာတ်ခွဲခန်းကို ပို့ဆောင်ထားကြောင်း လည်း ကျန်းမအာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required