‘’တိုက်ပွဲတွေဖြစ်နေတဲ့ ပလက်ဝမှာ ကုန်ဈေးနှုန်းတွေမြင့်မားကာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြမှုကိုဖြေရှင်းဖို့ ပြည်ထောင်စုအဆင့်တွေကူညီမှရမယ်လို့ ပြောတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးစိုးထက်နှင့် တွေ့ဆုံမေးမြန်းခြင်း”

‘’တိုက်ပွဲတွေဖြစ်နေတဲ့ ပလက်ဝမှာ ကုန်ဈေးနှုန်းတွေမြင့်မားကာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြမှုကိုဖြေရှင်းဖို့ ပြည်ထောင်စုအဆင့်တွေကူညီမှရမယ်လို့ ပြောတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးစိုးထက်နှင့် တွေ့ဆုံမေးမြန်းခြင်း”

မတ်လ ၄။           ။ ဖေဖော်ဝါရီလ ၂၉ရက်က ကုလားတန်စီမံကိန်းအတွက် မတူပီမြို့မှ ပလက်ဝမြို့သို့ ပေးပို့သည့် ဒီဇယ်နှင့် အောက်တိန်းများတင်ဆောင်လာသည့် ၁၂ဘီးကားတစ်စီးမှာ မိုင်တိုင် ၁၁၉နှင့် ၁၂၀ကြားတွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ ပစ်ခတ်ဖျက်စီးခြင်းကိုခံခဲ့ရသည်။ ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများစုပေါင်းလှူဒါန်းထားသည့် ဆန်အိတ် ၆၀၀ကျော်မှာ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင် ဒုက္ခသည်များဆီသို့ မပို့နိုင်သေးဘဲ ၄၂မိုင်ကွာဝေးသည့် ဆမီးမြို့တွင် သောင်တင်နေသည်မှာမတ်လ ၁ရက်မှ ယနေ့အထိဖြစ်သည်။ လက်ရှိတွင် စားနပ်ရိက္ခာ ပြတ်လပ်နေသည့် ပလက်ဝမြို့နယ်၏ အခြေအနေနှင့် ချင်းပြည်နယ်အစိုးရကစီစဉ်ဆောင်ရွက်နေသည်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးစိုးထက်နှင့် ဆက်သွယ်မေးမြန်းထားမှုများမှတချို့ကိုကောက်နှုတ်ဖော်ပြသည်။

မေး။   ။ပလက်ဝမြို့နယ်ရဲ့ လက်ရှိအခြေအနေကဘယ်လိုရှိပါသလဲရှင့်။

ဖြေ။    ။ပလက်ဝကတော့ ကုလားတန်မြစ်ရိုးတစ်လျှောက်ပေါ့ လှုပ်ရှားမှုတွေ နယ်မြေမအေးချမ်းမှုတွေရှိနေတဲ့အတွက် ဆရာ၊ဆရာမတွေလည်းစာမသင်ရဲဘူး။ နောက်ရွာတွေလည်းတစ်ချို့ ပျက်သွားတာရှိတယ်။ တိုက်ပွဲတွေမကြာခဏဖြစ်တယ်။ နောက် AA လှုပ်ရှားမှုကကုလားတန်မြစ်ရိုးတစ်လျှောက်မှာရှိနေတဲ့ ရွာတွေအားလုံးမှာပါနေတဲ့ အတွက် ကျောင်းတွေကပိတ်ပြီးတော့ စာသင်လို့မရတဲ့အနေအထားတွေရှိပါတယ်။ ပလက်ဝမြို့ပေါ်မှာတော့ အခုပုံမှန်စာမေးပွဲဖြေနေကြတယ်။  မူလတန်းကျောင်း၊ အလယ်တန်းတွေ အထက်တန်းတွေ စာမေးပွဲဖြေနေကြတယ်။နောက်မကြာခင် ဆယ်တန်းစာမေးပွဲဖြေဆိုဖို့ လုပ်နေကြတယ်။ လက်ရှိမှာတော့ နယ်မှာတော့ ပညာရေးအခြေအနေက ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ ပလက်ဝမြို့ပေါ်ကွက်ကွက်လေးနဲ့ ဆမီးမြို့ပေါ်လောက်ပဲစာကောင်းကောင်းသင်လို့ရတယ်။ ဆမီးဘက်မှာတော့ AA လှုပ်ရှားမှုမရှိတဲ့ အတွက် စာသင်လို့ရတယ်။ ကုလားတန်မြစ်ရိုးနဲ့ ပီချောင်းနဲ့ ပလက်၀ ကုလားတန်အနောက်ဘက်ခြမ်းတွေအားလုံးကတော့  AA လှုပ်ရှားမှုရှိနေတဲ့ အတွက် ကျောင်းတွေအကုန်ပိတ်ထားရတဲ့ အနေအထားဖြစ်ပါတယ်။

မေး။     ။ဒေသခံတွေ စားသောက်နေထိုင်မှုမှာရောအဆင်ပြေရဲ့လားရှင့်။

ဖြေ။      ။စားသောက်ကုန်ကတော့ ရခိုင်ပြည်နယ်နဲ့ ကျွန်တော်တို့ ချင်းပြည်နယ် မှာကစစ်တွေ၊ ပလက်ဝနဲ့ ကျောက်တော်က ကုန်စည်စီးဆင်းနေတာကပုံမှန်ဖြစ်နေတာအခုကတော့ နယ်မြေမအေးချမ်းတဲ့ အပေါ်မှာကုန်စည် စီးဆင်းမှုမမှန်ဘူး ဖြစ်နေတာပေါ့။ စက်လှေတွေသွားလို့မရဘူး၊ ကားတွေသွားလို့မရဘူး။ အဲဒီလိုဖြစ်တဲ့အတွက် ရခိုင်မြောက်ပိုင်းမှာဆူပူမှုမအေးချမ်းမှုရယ်နောက် ချင်းပြည်နယ် ပလက်ဝမှာ မအေးချမ်းမှုကြောင့် စားနပ် ရိက္ခာနဲ့ ဆက်သွယ်ရေးမရှိဘူးဖြစ်နေတာပေါ့နော်။ အဲဒါကြောင့် စားဝတ်နေရေးက နည်းနည်းခက်ခဲတယ်။နောက်ကုန်ဈေးနှုန်းတွေမြင့်မားတာပေါ့။ ဆန်၊ဆီ၊ဆား၊ ငရုတ်၊ ကြက်သွန်ကအစအားလုံး ကကုန်စည် စီးဆင်းမှု မမှန်ဘူးဖြစ်နေတယ်။ အဲဒီအတွက် အဆင်ပြေအောင် ပြည်ထောင်စုကိုတင်ပြထားတယ်။ ကြိုးစားဆောင်ရွက်နေတယ်။ နောက်ရခိုင်ပြည်နယ်စစ်တွေ၊ကျောက်တော်ဘက်ကတင်လို့မရလို့ရှိရင်လည်းပခုက္ကူဘက်ကနေ မင်းတပ်၊မတူပီ၊ ဆမီး၊ ပလက်ဝလမ်းအတိုင်း ကျွန်တော်တို့ကားနဲ့ အဲဒီလိုကုန်စည်စီးဆင်းဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဟိုရက်ပိုင်းကပဲ ကျွန်တော်တို့ ကြားတဲ့အတိုင်း ၁၂ဘီးကားတစ်စီးကို မီးရှို့ လိုက်တဲ့ အပေါ်မှာကားတွေကသွားရလာရမှာကန့်သတ်ချက်နည်းနည်းဖြစ်သွားတယ်။ အဲဒီဟာကလုံခြုံမှုမရှိဘူး၊ လုံခြုံရေးမရှိတဲ့ အတွက် ကျွန်တော်တို့ ပို့ချင်တဲ့ ဆန်တွေ၊ ဆီတွေ၊ ဒီဇယ်ဆီတွေ၊ စက်သုံးဆီတွေ အားလုံးကလည်း ပို့ရတာအခက်အခဲဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ကတော့ ပခုက္ကူ၊ ဂန့်ဂေါ၊ ယော၊ ဆောတို့ဘက်ကနေပို့ဖို့စဉ်းစားပေမယ့် အခုနယ်မြေကမအေးချမ်းတဲ့အတွက် ခက်ခဲနေတယ်။ နောက် အဲဒီဘက်ကနေသွား ပို့ရတာက ကုန်ကျစရိတ်ပိုများတယ်။ ကားနဲ့သွားရတဲ့ အတွက် ကုန်ကျစရိတ်ပိုများတယ်။ ရေလမ်းကြောင်းနဲ့ ပို့ရတာကတော့ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တာပေါ့။ ပလက်ဝရဲ့ အနေအထားကကုလားတန်မြစ်ရိုးရှိတဲ့အတွက် ကုလားတန်မြစ်ကိုအခြေခံပြီးကုန်စည်စီးဆင်းကြတာ။ အရင်တုန်းကတော့ တောက်လျှောက် ၂၀၁၅ မတိုင်ခင်ကအထိကလွယ်လွယ်ကူကူနဲ့သွားလာနေကြတာ။ ၂၀၁၅ ခုနှစ်မှာ AAဝင်တဲ့ နောက်ပိုင်းမှာတော့ ကန့်သတ်ချက် တွေပိုများလာတယ်။ တိုက်ပွဲတွေလည်းပိုပြင်းထန်လာတယ်။ ၂၀၁၈ နောက်ပိုင်း(၂၀၁၉) ၁၉မှာ အဆိုးဆုံးဖြစ်တယ်။ ၂၀၂၀ အစပိုင်းမှာတော့ အဆိုးဆုံးအခြေအနေဖြစ်တဲ့အပေါ် အခုကတော့ ကုန်စည်စီးဆင်းမှုက ရပ်တန့်မှု ဖြစ်တဲ့ အနေအထားမှာဖြစ်တာပေါ့။ ဒီလိုဖြစ်စဉ်မျိုးကဘယ်တော့မှ မဖြစ်ဘူးခဲ့တဲ့အပြင် လွတ်လပ်ရေးနောက်ပိုင်းမှာလည်း မြန်မာပြည်ရဲ့ အရှေ့ပိုင်းကရင်တို့ မွန်တို့ ရှမ်းတို့ ကချင်တို့ ဒီလိုပဲ မြန်မာပြည်ရဲ့ အရှေ့ပိုင်းမှာပဲ ဖြစ်တာများတယ်။ မြန်မာပြည်ရဲ့ အနောက်ပိုင်းကအေးအေးဆေးဆေးပဲချင်းပြည်နယ်ပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ပဲဖြစ်ဖြစ် အေးအေးဆေးဆေးပဲ။ ဒီလိုတွေမရှိဘူး။

မေး။      ။လက်ရှိမှာအခြေအနေမှာရောရွာတွေ နေရာတွေ ရွေ့ပြောင်းရတာတွေရှိလား။

ဖြေ။        ။ရွေ့ပြောင်းတယ်။  တစ်ချို့ တိုက်ပွဲဖြစ်တဲ့ရွာတွေ ပလက်ဝရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ မီးလက်ဝါးတို့  ဘာတို့ ဆိုရင် တစ်လောကဆိုရင် အိမ်ခြေ ၁၂၅ အိမ်လောက်ဆိုရင် ပလက်ဝဘက်ကိုပြေးလာရတယ်။ လူဦးရေ ၆၃၈ဦး ပလက်ဝဘက်ကိုပြောင်းလာရတယ်။ တိုက်ပွဲတွေဖြစ်တယ်။ လက်နက်ကြီးတွေကျတယ်။ လူတွေထိခိုက်တဲ့အပေါ်မှာမနေရဲတဲ့ အတွက် ပလက်ဝဘက်ကို ကူးလာတယ်။ အဲဒီလိုဒုက္ခတွေကတဖြည်းဖြည်းနဲ့ တိုးလာတယ်ဗျ။

မေး။    ။ပလက်ဝမြို့နယ်ကိုပို့မယ့် ဆန်အိတ်၆၀၀ကျော် ဆမီးမြို့ မှာသောင်တင်နေတယ်လို့ကြားတယ်။ အဲဒါကရောနောက်ဆက်တွဲဘယ်လိုအခြေအနေရှိလဲရှင့်။

ဖြေ။     ။အခုလည်းဆမီးမှာပဲပုံထားလျက်ရှိတယ်။ ပလက်ဝကိုပို့ဖို့ ကားတွေကလည်းမသွားရဲဘူး။ အဲဒီကြားမှာလည်းလုံခြုံမှု မရှိတဲ့အတွက် ဆမီးမှာပဲပခုက္ကူက ဝယ်တဲ့ ဆန်အိတ် ၆၀၀ လုံးလုံးအဲဒီမှာပဲရှိနေသေးတယ် ခင်ဗျ။

မေး။     ။ဒေသခံတွေ အနေနဲ့ အခုလက်ရှိမှာဘယ်လိုနေထိုင်နေကြလဲ။

ဖြေ။    ။သူတို့ကတော့ ကျွန်တော်တို့ဘက်မှာတော့ IDP Camp နဲ့နေတဲ့ အနေအထားမရှိဘူး။ ဆွေမျိုးသားချင်းအိမ်မှာနေတယ်။ ဘာသာရေးအဆောက်အအုံတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေကစောင့်ရှောက်တယ်။ ဘာသာရေးအဖွဲ့အစည်းတွေကစောင့်ရှောက်တယ်၊ ဆွေမျိုးသားချင်းတွေဆီမှာကပ်နေတယ်။ သူတို့ဘာသာတစ်ပိုင်တစ်နိုင်တဲလေးတွေထိုးပြီးနေကြတယ်။ အဲဒီအဆင့်ပဲ။ အဆင်သင့်မဖြစ်ဘူးဘယ်သူမှလည်း ဝင်ကူလို့ရတဲ့ အနေအထားမဖြစ်ဘူးဖြစ်နေတယ်။

မေး။     ။ ပလက်ဝမှာ ဆန်အိတ်ဈေးနှုန်းကရောတစ်အိတ်ကိုဘယ်လောက်လောက်ဖြစ်နေပြီလဲ။
အခုဆိုရင် နယ်မြေခံတွေပြောတဲ့ အရကတော့ သုံးသောင်းခွဲကနေလေးသောင်းကြားမှာရှိတယ်။ လေးသောင်းကျော်လောက်ဖြစ်တယ်။ ဥပမာဆိုရင် စစ်တွေမှာဆိုရင် ဆန်တစ်အိတ်ကိုတစ်သောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ပဲရှိတယ်။ ကျောက်တော်မှာလည်းတစ်သောင်းခွဲ၊ တစ်သောင်းခွဲ၂သောင်းခွဲလောက်ပဲရှိတယ်။ ပလက်ဝရောက်ရင်တော့ လေးသောင်းလောက်ဖြစ်နေတယ်။ လူတွေကဆင်းရဲပါတယ်ဆိုမှ စားစရာကမရှိ၊ အလုပ်လို့လည်းမရ၊ ဝင်ငွေလည်းရှာလို့မရတွေဖြစ်နေတာပေါ့နော်။ အဲဒါကြောင့် ပြည်ထောင်စုကနေကူညီမှကိုရမယ့် အနေအထားဖြစ်ပါတယ်။

မေး။   ။အခုလက်ရှိမှာရောအစိုးရအနေနဲ့ ဘယ်လိုဖြေရှင်းပေးဖို့ လုပ်နေပါသလဲ။
ကျွန်တော်တို့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်နဲ့ ပြည်နယ်အဆင့် လုပ်လို့ မရတော့ဘူး။ ဒီဟာကတကယ့်ကိုလုံခြုံမှုမရှိတဲ့ စစ်ဖြစ်နေတဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာဖြစ်တဲ့ အတွက် သူတို့ ပြည်ထောင်စုအဆင့်က ကူညီမှပဲအ ကူညီပေးမှရတဲ့ အနေအထားဖြစ်တော့တယ်။ ပြည်ထောင်စုအဆင့်ကလည်း ကျွန်တော်တို့ ပြည်ထောင်စုအစိုးရကိုတင်တယ်။ ပြည်ထောင်စုအစိုးရကနေကာကွယ်ရေး၊ ပြည်ထဲရေး၊ သက်ဆိုင်ရာကိုပို့ ဆက်(ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) ဒါမျိုးတွေနဲ့ ဆက်သွယ်ပြီးတော့ ဒီဟာကိုဘယ်လမ်းကြောင်းပဲဖြစ်ဖြစ် ပခုက္ကူကနေ ပလက်ဝကို ကားနဲ့ ပို့တဲ့စနစ်ပဲဖြစ်ဖြစ် စစ်တွေ ကျောက်တော်ကနေ ပလက်ဝကိုရေကြောင်းနဲ့ ပို့တဲ့ စနစ်ပဲဖြစ်ဖြစ် ဒါပြည်ထောင်စုကနေလုပ်ပေးမှပဲရမှာ၊ ကျွန်တော်တို့ ပြည်နယ်အဆင့်နဲ့ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး။

မေး။ ။ပြည်ထောင်စုအစိုးရအနေနဲ့ ရောလက်ရှိမှာဘာတွေဆောင်ရွက်ပေးထားလဲ။
ပြည်ထောင်စုကလက်ရှိမှာညှိနှိုင်းပေးတဲ့အဆင့်ပဲရှိပါတယ်။ ကျွန်တော်တို့ ထိထိရောက်ရောက်နဲ့မြေပြင်မှာလုပ်ပေးတဲ့ဟာကတော့ မဖြစ်သေးဘူးခင်ဗျ။ ဝန်ကြီးဌာနအချင်းချင်းကိုညှိနှိုင်းပေးတာရှိတယ်။ အဓိကကတော့ လုံခြုံရေးမကောင်းရင်တော့ ဘာမှ ဆက်လုပ်ပေးလို့မရတဲ့ အနေအထားဖြစ်နေတာပေါ့။
စစ်တိုက်နေလို့ကတော့ ဘာမှ ဆက်ကောင်းမယ့် အနေအထားမဟုတ်ဘူး။ ကျွန်တော်အနေနဲ့ကတော့ NCA ကိုလက်မှတ်ထိုးတဲ့အထဲမှာ ပါပြီးတော့ စားပွဲပေါ်မှာညှိနှိုင်းရေးလုပ်စေချင်ပါတယ်။ နို့မို့ဆိုရင်တော့ ဒီတိုက်ပွဲတွေ၊ စစ်ပွဲတွေကဘယ်တော့မှ ပြီးဆုံးမယ့် ကိစ္စမဟုတ်ဘူး။ ပြည်တွင်းစစ်ကလွတ်လပ်ရေးပြီးနောက်ပိုင်းကတည်းက ဖြစ်လာတာ နှစ်ပေါင်း ၇၀ကျော်ကြာနေပြီ။ အခုလည်းလက်ရှိဖြစ်နေတဲ့ AAနဲ့ ဖြစ်နေတဲ့ ပြဿနာတွေကိုစားပွဲပေါ်မှာဆွေးနွေးပြီး NCA လက်မှတ်ထိုးပြီးမှ ပြီးသွားမယ့် ကိစ္စလို့မြင်တယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly