အိုင်ဗရီကို့စ်မှာ ဖမ်းဆီးရမိတဲ့ သင်းခွေချပ်အကြေးခွံတွေကို မီးရှို့ဖျက်ဆီး

အိုင်ဗရီကို့စ်မှာ ဖမ်းဆီးရမိတဲ့ သင်းခွေချပ်အကြေးခွံတွေကို မီးရှို့ဖျက်ဆီး
Photo  - AFP

မတ်လ ၄။           ။ အိုင်ဗရီကို့စ်အာဏာပိုင်တွေဟာ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်း စီးနင်းမှုတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ သင်းခွေချပ် အကြေးခွံ သုံးတန်ကို အင်္ဂါနေ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ အဲဒီ စီးနင်းမှုတွေမှာ သင်းခွေချပ်အကြေးခွံတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်သလို လူ ၂၀ ခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သင်းခွေချပ်တွေဟာ ကမ္ဘာပေါ်မှာ မှောင်ခိုကုန်ကူးခံရမှု အများဆုံး နို့တိုက်သတ္တဝါပဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပေါ်ပေါက်လာခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံဟာ သင်းခွေချပ်တွေ ရောင်းဝယ်စားသောက်တာကို လုံးလုံးတားမြစ်ပိတ်ပင်လိုက်ပါတယ်။

မျိုးသုဉ်းမယ့် ဘေးရင်ဆိုင်နေရတာကြောင့် သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာသမဂ္ဂ ICUN စာရင်းဝင်ဖြစ်တဲ့ သင်းခွေချပ်တွေဟာ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံအများစုမှာ ရိုးရာဟင်းလျာစားဖွယ်အဖြစ် ရှိနေတာပါ။

“နိုင်ငံတကာ မှောင်ခိုကုန်ကူးတဲ့ ကွန်ရက်ကို ကျွန်တော်တို့ ဖြိုခွင်းနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ သင်းခွေချပ်အကြေးခွံ ၃ ဒသမ ၆ တန်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။”လို့ သစ်တောရေးရာဝန်ကြီး အလန်းရစ်ချက်ဒွန်ဝါဟီ ပြောပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ သင်းခွေချပ်တွေရဲ့ တန်ဖိုးဟာ ဒေါ်လာသန်းချီ ထိုက်တန်ကြောင်း ၎င်းက ပြောပြီး “ကျွန်တော်တို့အနေနဲ့ အမဲလိုက်တာတွေနဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို မှောင်ခိုကုန်ကူးတာကို တိုက်ဖျက်လျက် ရှိနေပါတယ်။”လို့ ဖြည့်စွက်ဆိုပါတယ်။

“သင်းခွေချပ်တွေရဲ့ အကြေးခွံဟာ တရုတ်နဲ့ ဗီယက်နမ်မှာ တိုင်းရင်းဆေးမှာ အသုံးပြုပြီး ဈေးကြီးပါတယ်။ အာရှမှာ သင်းခွေချပ်အကြေးခွံ တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ အထိ ဈေးပေါက်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly