လျှော့ မတွက်နဲ့

လျှော့ မတွက်နဲ့

သန့်ဇော်(သန်လျင်)

ကမ္ဘာကိုပတ်နေပြီဖြစ်တဲ့ တရုတ်နိုင်ငံက ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်  (Coronavirus Disease 2019-COVID-19)ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် တဖြည်းဖြည်းနဲ့ နီးသထက်နီးလာနေ တယ်လို့ လူတိုင်း ခံစားလာနေရပါတယ်။(တစ်ချို့ဆို မြန်မာပြည်ထဲမှာ ဒီရောဂါရှိနေပြီး မသိကြတာဖြစ်မယ်ဆိုပြီး စိုးရိမ်နေတဲ့သူတွေလည်း ရှိကြတယ်လို့တောင်ကြားနေရပါတယ်)။  နံနက်တိုင်း ရုံးသွားရင် ဘတ်စ်ကားတွေပေါ်နဲ့ လူစည်ကားတဲ့ နေရာတွေမှာ ကြည့်လိုက်ရင် ရောဂါကာကွယ်ရေးမှာ အနိမ့်ဆုံးဖြစ်တဲ့ နှာခေါင်းစီးတတ်တဲ့သူတွေတောင် အနည်းငယ်ပဲ တွေ့ရပါတယ်။ နည်းနည်းပါးပါးပဲ တွေ့ရတယ်ဆိုတာ ကျွန်တော်တို့ မြန်မာတွေ ကျန်းမာရေးအသိ sမရှိလို့တော့ မဟုတ်ပါဘူး ၊ နှာခေါင်းစည်းကို အများစုဝယ်မတတ်နိုင်ကြတာဘဲ ဖြစ်ပါတယ်။

ဒီနေ့ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်ယောက်မှ မတွေ့ပေမယ့် စောင့်ကြည့်လူနာ နဲ့ သံသယလူနာတွေကတော့ ရှိနေပါတယ်။  စောင့်ကြည့်လူနာဆိုတာ ရောဂါဖြစ်ပွားရာဒေသ သို့မဟုတ် ရောဂါဖြစ်ပွားရာဒေသနှင့် ဆက်နွယ်သောနေရာများမှ လာရောက်သည့်သူများကို စောင့်ကြည့်ကာလ ၁၄ ရက် သတ်မှတ်ထားခြင်းကို ဆိုလိုပါတယ်။ သံသယလူနာဆိုတာကတော့ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့်အထက်ရှိမယ်၊ မကြာခဏ နှာချေမယ်၊ အလွန်အမင်းပင်ပန်းနွမ်းနယ်နေမယ်၊ ချောင်းခြောက်ဆိုးနေမယ်ဆိုရင် သံသယလူနာအဖြစ် စောင့်ကြည့်ခံရတော့မှာဖြစ်ပါတယ်။

ယခု စာရေးနေစဉ် မြန်မာနိုင်ငံမှာတော့ COVID-19 နှင့်ဆင်တူတဲ့ သံသယလက္ခဏာ ခံစားနေရတာကြောင့် ဝေဘာဂီဆေးရုံကို ပို့ ဆောင်ကုသနေသူ နှစ်ဦးအပါအဝင် စောင့်ကြည့်လူနာ ငါးဦးရှိပြီး စောင့်ကြည့်လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ် လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂ ရက်နေ့ညနေက သတင်းထုတ်ပြန်ခဲ့တာ ကြားရပါတယ်။

တစ်ခါ နိုင်ငံတကာကိုကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာစတင်ခဲ့တဲ့ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ဟာ အင်မတန်တိုးတက်တဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၇၀ မှာ ကူးစက်ဖြစ်ပွားနေပါတယ်။ ကျွန်တော်တို့ အာရှဒေသအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှာပါ ရောဂါကူးစက်နေတာ တွေ့ရပါတယ်။

ခုအချိန်ထိတော့ သေချာတိကျပြီး ကုသနိုင်တဲ့ ဆေးဝါးတွေကိုလည်း သုတေသနလုပ်ဆဲဖြစ်နေပါတယ်။  ဒါ့ကြောင့် ရောဂါလက္ခဏာအပေါ် ထိန်းချုပ်သက်သာစေခြင်းကိုသာ အဓိကအလေးထားပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေကတော့ အဖျားတက်ခြင်း )fever)၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း)fatigue)၊ ချောင်းခြောက်ဆိုးခြင်း)dry cough)၊ အသက်ရှုရခက်ခဲခြင်း(shortness of breath)(သို့) အဆုတ်ရောင်ရမ်းရမ်းခြင်း(pneumonia)နဲ့ ဆိုးဝါးသောအခြေအနေများမှာ ကျောက်ကပ်ပျက်ဆီးခြင်း(kidney failure)တို့ပဲ ဖြစ်တယ်လို့သိရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်နေပါလျက်၊ နယ်နမိတ်ချင်းနီးကပ် ထိစပ်နေပါလျက် ဘာဖြစ်လို့ ဖြစ်ပွားမှု မရှိသေးတာပါလိမ့် ဆိုပြီး ပဟေဠိဖြစ်ချင်စရာပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂ ရက်နေ့ညနေက သတင်းထုတ်ပြန်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ကတော့ အငြင်းပွားစရာမရှိပေမယ့် ကျွန်တော့မှာတော့ မြန်မာပြည်သူတွေအတွက် အင်မတန်ကို စိုးရိမ်နေတာရှိနေပါတယ်။

ပထမစိုးရိမ်စိတ်ကတော့ နိုင်ငံတကာမှာ ရောဂါထပ်တိုးနေတာပဲရှိပြီးလျော့မသွားလို့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့နိုင်ငံကို မလွဲမသွေ‌ရောက်ရှိလာခဲ့မယ်ဆိုရင် အောက်ခြေလူတန်းစားတွေ ဆင်းရဲသားပြည်သူတွေနဲ့ လူစည်ကားတဲ့ ဈေး၊ ဘတ်စ်ကားပေါ်နေရာတွေမှာ ကြည့်လိုက်ရင် ရောဂါကာကွယ်ရေး အနိမ့်ဆုံးဖြစ်တဲ့ နှာခေါင်းစီးက နေ့စဉ်တတ်ဖို့ အခက်အခဲရှိနေတာရယ်၊ တစ်ခါ ဆေးရုံတွေကိုကြည့်လိုက်ရင်   လူနာဆောင်ဘေး စင်္ကြံလျောက်လမ်းတွေမှာတောင် လူနာတွေပြည့်နှက်နေတာကို မြင်တွေ့နေရပြီး စဉ်းစားမိရင် အင်မတန်ကို စိုးရိမ်ရပါတယ်။

ဒုတိယစိုးရိမ်တာကတော့ စာရေးသူရဲ့ ရှစ်လေးလုံးကာလက အတွေ့အကြုံပေါ်မူတည်ပြီး စဉ်းစားမိတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဟိုးအရင်တုန်းကလိုပဲ ဆင်းရဲချမ်းသာ ကွာဟနေဆဲပဲဖြစ်ပါတယ်၊ ယနေ့မြန်မာနိုင်ငံမှာ လူတန်းစားကို အမှန်အတိုင်းခွဲလိုက်မယ်ဆိုရင် တိုက်တွေပိုင်၊ ကားတွေပိုင် ငွေကြေးချမ်းသာတဲ့ သုံးနိုင်ဖြုန်းနိုင်တဲ့ လူတန်းစားက တစ်ခု၊ ပုံမှန်လစာလေးနဲ့ ပုံမှန်လေး နေထိုင် စားသောက်နိုင်တဲ့ လူတန်းစားကတစ်ခုနဲ့ တစ်နေ့လုပ်မှတစ်နေ့စားရ ၊ နှစ်ရက်လုပ်မှ တစ်ရက်စားရပြီး အကြွေးတွေပတ်လယ်ဝိုင်းနေတဲ့ လူတန်းစားက တစ်ခုဆိုပြီး အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။

အဲဒီလိုအခြေအနေတွေမှာ အခြေခံဥပဒေပြင်ဆင်ရေးကလည်း တစ်နိုင်ငံလုံးကလိုလားပြီး တစ်နေရာမှာ တုန့်ဆိုင်းနေသလို၊ ၂၀၂၀ ရွေးကောက်ပွဲကြီးကလည်း နီးသထက်နီးလာပြီး ပြည်သူလူထုအများစု ထောက်ခံနေတဲ့ပါတီကြီးက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တော့မယ့်အချိန်လည်း ဖြစ်ပါတယ်။ နောက်တစ်ခါ အတိုက်အခံပါတီတွေကလည်း NLD ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေချိန်လည်း ဖြစ်သလို နိုင်ငံရေးအရ ပြည်သူတွေကလည်း ဘာဖြစ်ရင် ဘာလုပ်ရမလဲဆိုတာလည်း စောင့်ကြည့်နေချိန် ဖြစ်နေပါတယ်။ အဲဒီ အခင်းအကျင်းဟာ တမ်ပိုမြင့်လာပြီး အရှိန်မြင့်တက်လာပြီး ၈၈ ခုနှစ်တုန်းကလို ဗရုပ်ဗယက်တွေဖြစ်လို့ အဆိုးတွေဖြစ်လာရင် အဒီအဆိုးတွေဟာ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်  ဆိုရင် . .. ဆိုတာကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားမိလိုက်တဲ့အချိန်မှာ အလွန်အမင်းစိုးရိမ်မှုတွေ ဖြစ်သွားရပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်  ရောဂါဖြစ်လာပြီဆိုရင် ကမ္ဘာပေါ်မှာ ပျောက်ကင်းတဲ့ဆေးမရှိသေးလို့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ နိုင်ငံတကာရဲ့ အခြေအနေနဲ့ တိုင်းတာပြီး ထိန်းချုပ်နိုင်ဖို့ဆိုတာ မဟာစွန့်စားခန်းကြီးတစ်ခုလို ဖြစ်နေမှာပဲ ဖြစ်ပါတယ်။

အခြေအနေတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ၊ ပွင့်လင်းမြင်သာမှုအားနည်းတတ်တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားကြောင့်ပဲဖြစ်ဖြစ်၊ လူတစ်ယောက်ဆီက လူတစ်ယောက်ကို အစပြုလို့ အစုလိုက်အပြုံလိုက် ဒီရောဂါကူးစက်လာပြီဆိုရင်   မျက်စိထဲမြင်ကြည့်လိုက်ပါ၊ ငွေကြေးချမ်းသာသူတွေနဲ့ အခြေခံလူတန်းစားတွေ ဘယ်သူတွေပိုခံစားရမလဲဆိုတာ ထင်ထင်ရှားရှားမြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပရိယေသနဝမ်းစာကို နေ့တိုင်းရှာဖွေစားသောက်နေကြရတဲ့ လူတွေက အများစုဖြစ်လေတော့ ဖြစ်လာခဲ့သည်ရှိသော် သူတို့ပဲ အများစု ခံကြရမှာဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့ဟာ နိုင်ငံရေးသတိတင်မက ရောဂါသတိပါ ရှိကြရတော့မှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ အားလုံး ညီညွတ်ကြရပါမယ်။ နိုင်ငံရေးကလည်း မှားလို့မရ မှားသွားရင် မှားရွေးမိရင် ၂၀၁၅ နောက်ပိုင်းကို ပြန်ရောက်သွားနိုင်သလို ရောဂါသတိလွတ်သွားရင်လည်း အများကြီး သေကြေပျက်စီးကြရမှာ ဖြစ်လို့ ကျွန်တော်တို့တစ်တွေဟာ မညီညွတ်လို့ လုံးဝမရကြောင်း တင်ပြလိုက်ရပါတယ်။  ။

သန့်ဇော်(သန်လျင်)

Mizzima Weekly