တိုကျို ၂၀၂၀ အိုလံပစ်ပွဲတော်

By ဝင်းနိုင်
03 March 2020
တိုကျို ၂၀၂၀ အိုလံပစ်ပွဲတော်
တိုကျိုမြို့တွင်တွေ့မြင်ရသည့်အိုလံပစ်အားကစားကွင်း (Picture: Tokyo 2020 Olympic Committee)

ယခုမတ်လအကုန်  ဧပြီလဆိုလျှင် တိုကျိုနှင့် ဂျပန်နိုင်ငံနေရာအနှံ့အပြားတွင် ချယ်ရီပန်းများ အဖြိုင်ဖြိုင် ပွင့်နေမည်ဖြစ်သည့်အတွက် ဂျပန်နိုင်ငံတွင် အလှဆုံးအချိန်ဖြစ်ပေလိမ့်မည်။ ဆောင်းအနှောင်း  နွေဦးအဝင် ကာလ တွင် ဖူကူရှီးမားပြည်နယ်မှ မတ်လ ၂၆ ရက်နေ့တွင် အိုလံပစ်မီးရှူး တိုင်စတင် ထွက်ခွာတော့မည်။ မီးမငြိမ်းသော ထိုမီးရှူးတိုင်သည် ဂျပန်နိုင်ငံ၏ ပြည်နယ်အားလုံး ၄၇ ပြည်နယ်သို့ ရက်ပေါင်း ၁၂၁ ရက်အတွင်း ဖြတ်သန်း မည်ဖြစ်သည်။  "မျှော်လင့်ချက်ရောင်ခြည်သည် ကျွန်ုပ်တို့ ရှေ့ဆက်ရမည့်လမ်းအား လမ်းပြခေါ်ဆောင်သည် "(Hope Lights Our Way) ဟု လက်ဆင့်ကမ်းသယ်ဆောင်မည့် မီးရှူးတိုင်အား အမည်ပေးထားသည်။ မီးရှုးတိုင်သည် ဂျပန်နိုင်ငံ၏အတွင်းပိုင်းပြည်နယ်များသို့ ဧပြီလ အစောပိုင်း ချယ်ရီပန်းများ အဖြိုင်ဖြိုင်ပွင့်နေသည့်ချိန်ကိုက် ရောက်ရှိမည်ဖြစ်သည်။

အိုလံပစ်နှင့်ပါရာလံပစ် မီးရှူးတိုင်များအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Tokyo 2020 Olympic Committee

ဖူကူးရှီးမားပြည်နယ်ဟု ဆိုလိုက်လျှင် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်  ငလျင်ပြင်းအား ၉ မဂ္ဂနီကျု လှုတ်ခတ်ခံရပြီး  ဆူနာမီလှိုင်းလုံးကြီးများက ကမ်းခြေမြို့များကို တိုက်စား  သယ်ဆောင်သွားသည့် ပုံရိပ် တွေ ဒီပုံရိပ် တွေနှင့် တွဲဖက် မှတ်မိကြမည်  ဖြစ်သည်။  ဆူနာမီလှိုင်းလုံးကြီးများ တိုက်ခတ်မှုဒဏ်ကြောင့်  ဖူကူရှီးမား  နူကလီးယားဓါတ်ပေါင်းဖို  မှယိုစိမ့်ခဲ့သည့် နူကလီယားဓါတ်ရောင်ခြည်များ၏ ဒဏ်ကို အလူးအလဲခံစား ခဲ့ရသည့် ပြည်နယ်ဖြစ်သည်။ ဖူကူရှီးမားအပါအဝင် ဂျပန်အရှေ့မြောက်ပိုင်းပြည်နယ်များသို့ တိုက်ခတ်ခဲ့သော ငလျင် နှင့် ဆူနာမီဒဏ်ကြောင့် သေဆုံးသူ ၁၅၈၉၄ ယောက်  ရှိခဲ့သည်ဟု  နိုင်ငံတကာသတင်းများတွင် ဖေါ်ပြသည်။ ကမ်းခြေမြို့များ၏ အခြေခံအဆောက်အအုံ များ  လမ်းတံတား လူနေအိမ် အဆောက်အဦး ပျက်စီးမှုတို့မှာ  ဆိုဖွယ်မရှိ။  

ထိုအချိန်က နိုင်ငံတကာမှ အနုပညာရှင်များ အားကစားအကျော်အမော်များ သာမန်ပြည်သူများ၏ “စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများအား ကျေးဇူးတုန့်ပြန်သောအားဖြင့် ယခုကျင်းပမည့် အိုလံပစ် နှင့် ပါရာ လံပစ်ပွဲတော်အား ဖူကူးရှီးမားတွင် တာထွက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်”ဟု တိုကျိုအိုလံပစ် ၂၀၂၀ ကော်မီတီ၏  အိုလံပစ် နှင့် ပါရာလံပစ် ကော်မီတီ ၊ မီဒီယာဆက်ဆံရေး ၏ စီမံကိန်းဒါရိုက်တာ မစ်စ် မါကီနို မီရှီကို က ပြောသည်။
 
 

အိုလံပစ် နှင့် ပါရာလံပစ် ကော်မီတီ ၊ မီဒီယာဆက်ဆံရေး ၏ စီမံကိန်းဒါရိုက်တာ မစ်စ် မါကီနို မီရှီကို ဓာတ်ပုံ - မဇ္ဈိမ

အိုလံပစ် နှင့် ပါရာလံပစ်ပွဲတော်

 အိုလံပစ် ကျင်းပမည့်အချိန်မှာ ဇူလိုင်လ ၂၄ရက် သောင်္ကြာနေ့ဖြစ်ပြီး ပြီးဆုံးမည့်အချိန်မှာ သြဂုတ်လ ၉ ရက် ၂၀၂၀ ဖြစ်သည်။
 
တိုကျိုအိုလံပစ်၏ ထူးခြားချက်မှာ အိုလံပစ် ပွဲတော် တခုတည်းမဟုတ်ပဲ ပါရာလံပစ် ခေါ် မသန်စွမ်းသူများပါဝင်ဆင်နွှဲကြမည့်ပွဲကိုလည်း သီးသန့်စီစဉ်ထားသည်။ တိုကျို  အိုလံပစ်ပွဲတော် တွင် ပါဝင်ဆင်နွှဲကြမည့် အိုလံ ပစ် အားကစားသမား ၁၁၀၉၀ ၊ အားကစားပေါင်း ၃၃ မျိုးပါဝင်မည်ဖြစ်သည်။   ထိုအထဲတွင် ကရာတေး ၊ စကိတ်လျောစီး ၊ ကျောက် တောင်တက် အားကစား နှင့် ရေလွှာလျောစီး တို့ကို ပထမဆုံး အနေဖြင့် ပွဲထုတ်မည် ဖြစ် သည်။

ပါရာလံပစ်ပွဲတော်အား ကျင်းပမည့်အချိန်မှာ သြဂုတ်လ ၂၅ရက် အင်္ဂါနေ့မှ စက်တင်ဘာလ ၆ရက် တနင်္ဂနွေနေ့ ၂၀၂၀ ဖြစ်သည်။

တိုကျိုမြို့တွင်ရှိသည့် အိုလံပစ်ရုံးခန်းအဝင်အားတွေ့မြင်ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ပါရာလံပစ် သို့မဟုတ် မသန်စွမ်းသူများ၏အိုလံပစ် အားကစားတွင်  အားကစားသမား ၄၄၀၀ ၊ အားကစားအမျိုးအမည်ပေါင်း ၂၂ မျိုးပါဝင်မည်ဖြစ်သည်။ ထိုအထဲတွင် မြားပစ် ၊ ကြက်တောင် ၊ စက်ဘီးစီး ၊ လှေလှော်၊ ဂျူဒို ၊ ရေကူး ၊ သေနတ်ပစ်၊ စားပွဲတင် တင်းနစ် စသဖြင့်ပါဝင်မည်ဖြစ်ပြီး အသစ်စက်စက် ထည့်သွင်းထားသည့် တိုက်ကွမ်ဒို နဲ့ ကြက်တောင်အားကစားများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ တိုကျိုသည်  မသန်စွမ်း ပါရာလံ ပစ်ပွဲတော်အား လက်ခံကျင်းပသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယမြောက် ၊ ၁၉၆၄ခုနှစ်ကလည်း လက်ခံကျင်းပခဲ့ပြီး အိုလံပစ် အခင်းအကျင်းနှင့်ပုံစံတူ လက်ခံကျင်းပခြင်းဖြစ်သည်။  

အိုလံပစ်နှင့် ပါရာလံပစ်ပွဲတော်များအတွက် စီမံခန့်ခွဲမှု တာဝန်ယူမည့်ကော်မီတီဝင်အင်အား စုစုပေါင်း ၈၀၀၀ ၊ လုပ်အားပေး  ၈၀၀၀၀ ၊ တိုကျိုမြို့ပြစီမံခန့်ခွဲမှု ကော်မီတီမှ ၃၀၀၀၀ အပြင်လုံခြုံရေးအင်အား  သောင်းဂဏန်း ချီပြီး စီစဉ်ထားသည်။

ကိုရိုနာ  သို့မဟုတ် COVID-19 ၏ခြိမ်းခြောက်မှု

တိုကျိုသည် လူဦးရေသန်းပေါင်း ၃၅ နေထိုင်နေသည့်မြို့ကြီး ဖြစ်သည့်အပြင် နှစ်စဉ်နှစ်တိုင်း ဧည့်သည်လူဦးရေ ၁၀သန်းအား လက်ခံနေသည့်မြို့ဖြစ်သည်။ အိုလံပစ်အချိန်ရာသီရောက်ပြီဆိုလျှင် ထိုထက်များပြားသော လူ များအား လက်ခံရပေလိမ့်မည်။ အိုလံပစ် နှင့် ပါရာလံပစ် ပွဲတော်များအား လက်ခံကျင်းပမည့်အချိန်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ သယ်ယူပို့ဆောင်ရေး ဖြစ်သည်ဟု မစ်စ် မါကီနို မီရှီကို ကပြောသည်။ တိုကျိုတွင် နေ့စဉ်ခရီး သွားလာမှု ရုံးသွားရုံးပြန်အားလုံး၏ ဗဟိုချက်မမှာ ရထားဖြင့် သွားလာကြခြင်းဖြစ်သည်။ လူဦးရေ ၃၅ သန်းရှိသောမြို့ကြီးအား စီမံခန့်ခွဲနေရသည့် လမ်းပန်းဆက်သွယ်ရေး စီမံခန့်ခွဲသည့် ဌာနများအနေဖြင့် ထိုထက် လူဦးရေ ပိုများသည့် အခြေအနေမျိုးကို မည်သို့ စီမံခန့်ခွဲမည်နည်းဟု မေးခွန်းထုတ်စရာရှိသည်။  စီမံခန့်ခွဲနိုင်မည့် အခြေအနေမျိုးအား ဖန်တီးထားသည်ဆိုသော်လည်း အိုလံပစ်ကော်မီတီ အနေဖြင့် စိုးရိမ်မိကြောင်း ထုတ် ဖေါ်ပြော သည်။

အခုရက်ပိုင်းအတွင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  ဂျပန်နိုင်ငံတွင် အားကစားပွဲများနှင့် ယဉ်ကျေးမှု ပွဲတော်များ ကျင်းပခြင်းမှ ၂ပတ်တိတိ ဖျက်သိမ်းပေးပါရန် ပါလီမန်တွင် ပြောသည်ဆိုသည့် သတင်း  ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပါရှိလာသည်။ ထို့အပြင် မတ်လ ၂ ရက်နေ့မှစပြီး အခြေခံပညာ ၊ အလယ်တန်း နှင့် အထက်တန်းကျောင်းများအား ပိတ်မည်ဟု အမိန့်ထုတ်မည်ဆိုသည့်သတင်းများသည် ကိုရိုနာဗိုင်းရပ်စ် အား ဂျပန်အစိုးရမှ စိုးရိမ်ပူပန်မှု ရှိနေကြောင်း သက်သေပြနေသည်။

ကျွန်တော်တို့ တိုကျိုရောက်ခဲ့သည့်အချိန်တွင်လည်း ကိုရိုနားဗိုင်းရပ်အရေးမှာ စိုးရိမ်ပူပန်မှု အဆင့်သို့ရောက်နေပြီဖြစ်သည်။ တိုကျိုမြို့ပေါ်တွင် သွားလာနေကြသည့် ရုံးသွားရုံးပြန် ဝန်ထမ်းများ ပြည်သူများ၏ မျက်နှာ များ အား အပြည့်အ၀ မတွေ့ရတော့ အားလုံးနီးပါးလိုလိုတွင် နှာခေါင်းစီးများ  Masks တပ်ဆင်ထားကြသည်။ ထိုသို့နှာခေါင်းစီးများ တပ်ဆင်ထားခြင်းမှာ ရောဂါကူးစက်ခံရခြင်းထက် မိမိတွင် ရောဂါရှိနေလျှင် တပါးသူ သို့မကူး စက်စေရန် ရည်ရွယ်သည် ဟု ဆိုသည်။ ကျနော်တို့လည်း မတတ်ခြင် တတ်ခြင်နှင့် တပ်ခဲ့ရသေးသည်။

ဖေဖေါ်ဝါရီလ အစောပိုင်းကတည်းက ဂျပန်အစိုးရမှ မိမိတို့၏ ဝန်ထမ်းများအား (ရာခိုင်နှုန်းတချို့) အိမ်မှနေ အလုပ်လုပ်ခွင့်ပေးထားသည်ဟု ဂျပန်နိုင်ငံခြားရေး အရာရှိတဦးမှ အတည်ပြုပြောသည်။ ရည်ရွယ်ချက်မှာ ရုံး တွင်းလူမများစေရေး နှင့် အိမ်မှ အလုပ်လုပ်ပေးနိုင်သူများအား ဦးစားပေးခြင်း ဖြစ်သည်။ သို့သော် မဖြစ်မနေ ရုံးတက်ရမည့် သူများမှာတော့ ပုံမှန် ရုံးတက်ပြီး လုပ်နေကြဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ဂျပန်အစိုးရမှ လူစုလူဝေး စုရုံးခြင်းများအား ရှောင်ကြဉ်နိုင်ရန် ပြောဆိုထားသည်ဟု သတင်းများတွင် တွေ့နေရသည်။

အကောင်းဆုံးကာကွယ်နည်းမှာ လူစုလူဝေးများအား ရှောင်ကျဉ်ခြင်းက အထိရောက်ဆုံးဖြစ်သည်ဟု ကောက်ချက် ချနိုင်သည်။

အိုလံပစ်နှင့် ပါရာလံပစ် ကျင်းပမည့်  ဂျပန်သို့  ထင်မှတ်ထားသည်လောက်  ဧည့်သည် လာကြပါဦးမည်လောဟု မေးခွန်းထုတ်စရာရှိသည်။ ကျွန်တော်တို့လည်း ထိုမေးခွန်းအား အိုလံပစ်ကော်မတီသို့ မေးခဲ့ပါသည်။

အိုလံပစ်ကော်မတီမှ “စိုးရိမ်စိတ် မရှိကြောင်း ဂျပန်အနေဖြင့် စီစဉ်ထားပြီးဖြစ်ကြောင်း နှင့် အိုလံပစ် အားကစားပွဲတော် ကျင်းပရန် ၆ လတောင် ကျန်သေးသည်”  မစ်စ် မာကီနို မီရှီကို က ဖြေကြားသည်။  

အိုလံပစ် နှင့် ပါရာလံပစ် (မသန်စွမ်း အိုလံပစ်) ကျင်းပခွင့်ရခဲ့သည့်အတွက် ဂျပန်လူမျိုးတို့၏ စိတ်ထဲတွင် ဘယ်လောက်ဂုဏ်ယူနေမည်ကို  စိုးရိမ်မှုများရှိနေသည့်ကြားထဲမှ ခန့်မှန်းကြည့်နိုင်ပါသည်။

ယနေ့ ကမ္ဘာ ကြီးတွင် ရှုပ်ထွေးပွေလီလှသော ကူးစက်မြန်သည့်ရောဂါ ကျရောက်နေသည့်အတွက် တရုတ်နှင့်နီးသည် ဝေးသည်မရှိပဲ ခံစားနေကြရသည်။ တနိုင်ငံနှင့်တနိုင်ငံ ကောင်းသည်လည်း ခံစားရ ဆိုးသည်လည်း အတူ မျှခံ ကွန်ရက်ပမာချိတ်ဆက်နေသည့် ကမ္ဘာကြီး  သဖွယ် ဖြစ်နေသည်။ ထိုသို့သောအခြေအနေများတွင် အိုလံပစ် အားကစားပွဲတော်ကြီးကို အောင်မြင်အောင် ကျင်းပမည့် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်ကို ချီးကျူးမိပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly