ဝန်ထမ်းတိုင်းကို တစ်နှစ် အမေရိကန်ဒေါ်လာ ၇၀၀၀၀ တစ်ပြေးညီ တိုးမြှင့်ပေးသည့် ပရဟိတစိတ်ဓာတ်နှင့် လုပ်ငန်းရှင်

By France24
03 March 2020
ဝန်ထမ်းတိုင်းကို တစ်နှစ် အမေရိကန်ဒေါ်လာ ၇၀၀၀၀ တစ်ပြေးညီ တိုးမြှင့်ပေးသည့် ပရဟိတစိတ်ဓာတ်နှင့် လုပ်ငန်းရှင်

၂၀၁၅ ခုနှစ်၌ အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့က ငွေလွှဲငွေယူ ဝန်ဆောင်မှု ကုမ္ပဏီ၏ အကြီးအကဲ ဒန်ပရက်စ်သည် ၎င်း၏ ဝန်ထမ်း ၁၂၀ စလုံးကို တစ်နှစ် အနည်းဆုံးလုပ်ခ ဒေါ်လာ ၇၀၀၀၀ စတင်ပေးခဲ့ပြီး ၎င်းကိုယ်တိုင်က ဒေါ်လာ တစ်သန်း အနာခံခဲ့သည်။ ငါးနှစ်ကြာပြီးသည့် ယခုအထိ ပရက်စ်သည် အနည်းဆုံး လစာသာ ရရှိနေဆဲ ဖြစ်ပြီး ၎င်း၏ ဝန်ထမ်းများ အားလုံးကို စို့စို့ပို့ပို့ ရှိသော လုပ်အားခအား တစ်ပြေးညီ ပေးသည့် ပရဟိတပါသော လုပ်ရပ်သည် အောင်မြင်နေသည်ဟု ဆိုရမည်။

ပရက်စ်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်လာသည်မှာ ၎င်း၏ အမျိုးသမီးမိတ်ဆွေတစ်ဦးက ကြိုးစားသော်လည်း ဝန်ပိနေသည့် အကြောင်းကို ကြားသိရမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ပရက်စ်၏ အမျိုးသမီးမိတ်ဆွေ ဗယ်လီရီသည် အလုပ်နှစ်လုပ် လုပ်ကာ ဝင်ငွေရှာပြီး တစ်နှစ်လျှင် ဒေါ်လာ လေးသောင်းနီးပါး ဝင်ငွေ ရှိသော်လည်း အိမ်ငှားခ၊ အထွေထွေစရိတ်များ လုံးချာလည် လိုက်နေကြောင်း ပရက်စ်က စိတ်မကောင်းစွာ ကြားခဲ့ရသည်။

သန်းကြွယ်သူဌေးတစ်ဦးဖြစ်သည့် ပရက်စ်သ် ၎င်း၏ Gravity Payment ကုမ္ပဏီကို ဆယ်ကျော်သက်အရွယ်က စတင်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူ၏ ဝန်ဆောင်မှုတွင် ဖောက်သည် ၂၀၀၀ နီးပါး ရှိကာ ကုမ္ပဏီ၏ တန်ဖိုးမှာလည်း ဒေါ်လာ သန်းနှင့်ချီ ရှိနေသည်။ ပရက်စ်အနေဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၁ သန်း ဝင်ငွေရှိနေသော်လည်း ဗယ်လီရီက ၎င်းကို သူ့ ဝန်ထမ်းများတွင် ဒုက္ခမကင်း ဖြစ်နေနိုင်ကြောင်း သတိပေးပြောဆိုရာမှ အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။

ပရက်စ်သည် အကောင်းမြင်ပြီး ကြင်နာတတ်သူအဖြစ် အခြားသူများက ရှုမြင်ကာ ယဉ်ကျေးသိမ်မွေ့သူတစ်ဦးလည်း ဖြစ်သည်။ သို့သော် အမေရိကန်နိုင်ငံအတွင်း ဆင်းရဲချမ်းသာ မညီမျှမှုများကို ခါးခါးသီးသီး ဆန့်ကျင်တိုက်ဖျက်သူတစ်ဦး ဖြစ်လာခဲ့သည်။

“လူတွေဟာ ဆာလောင်နေကြတယ်။ လဲလျောင်းနေကြတယ်။ အမြတ်ထုတ်ခံနေရတယ်။ တစ်ဦးတစ်ယောက်ကတော့ နယူးယောက်မှာ ရွှေထိုင်ခုံတွေနဲ့ မိုးပျံတာဝါကို ပိုင်ဆိုင်နေလိမ့်မယ်။ ဒါကိုပဲ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုအတွင်းက လူ့အဖွဲ့အစည်းအဖြစ် တစ်ချိန်လုံး ဂုဏ်ယူလက်ခံထားတယ်။ Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများဆိုတဲ့ စာရင်းဟာ အဆိုးဝါးဆုံး ဥပမာပဲ။ အချမ်းသာဆုံးအဖြစ် ဂျက်ဘီဇို့ကို ဘီလ်ဂိတ်က ကျော်တက်သွားတယ်။ ကဲဗျာ၊ ဒါကို ဘာလုပ်ရမှာလဲ။”ဟု ပရက်စ်က ပြောသည်။

၁၉၉၅ ခုနှစ် မတိုင်မီက အမေရိကန်လူဦးရေ၏ အဆင်းရဲဆုံးတစ်ဝက်၏ ဝင်ငွေသည် အချမ်းသာဆုံး ၁ ရာခိုင်နှုန်း၏ ဝင်ငွေထက် အတော်အသင့်များသည်၏ ၎င်းက ဆိုသည်။ ယင်းနှုန်းထားသည် နောက်ပိုင်း၌ ပြောင်းပြန်ဖြစ်ခဲ့ပြီး အဆင်းရဲဆုံး ၅၀ ရာခိုင်နှုန်း၏ ဝင်ငွေထက် အချမ်းသာဆုံး ၁ ရာခိုင်နှုန််း၏ ဝင်ငွေက သာလွန်လာတော့သည်။ ယင်းကွာဟချက်သည် ဆက်လက်၍ ကျယ်ပြန့်လာလျက် ရှိသည်။

၁၉၆၅ ခုနှစ်၌ အမေရိကန်တွင် CEO များ၏ ဝင်ငွေသည် သာမန်အလုပ်သမား၏ ဝင်ငွေထက် အဆ ၂၀ သာ များသော်လည်း ၂၀၁၅ တွင် အဆ ၃၀၀ အထိ တိုးများလာခဲ့သည်။

ထိုသို့သော မညီမျှမှုများကို ဆန့်ကျင်သည့် ပရက်စ်က ဝန်ထမ်းအားလုံး တစ်ပြေးညီ တစ်နှစ် လုပ်အားခအား ဒေါ်လာ ၇၀၀၀၀ ပေးခြင်းကို စတင်ခဲ့တော့ခြင်း ဖြစ်သည်။ ထို့အတွက် သူ၏ ဝင်ငွေကို လျှော့ချရုံတင်မက သူ့ အိမ်နှစ်လုံးကိုလည်း ပေါင်နှံပြီး သူ့ ရှယ်ယာများနှင့် စုငွေများကို စွန့်လွှတ်အနစ်နာခံခဲ့ရသည်။

ထိုသို့ လုပ်ဆောင်ပြီး ငါးနှစ်လွန်မှ သိရသည်က ပညာရှင်များ၏ သုတေသနအရ လူများ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ရန်မှာ တစ်နှစ် ဝင်ငေွ ဒေါ်လာ ၇၅၀၀၀ ဝင်ငွေရှိရမည်ဆိုသည့် အချက်ကို သူ မျက်စိမှောက်ခဲ့သည်ဟု ပရက်စ်က ရယ်ကာမောကာ ပြန်ပြောင်းပြောဆိုသည်။

ကုမ္ပဏီ၌ လုပ်ကိုင်နေသူများ၏ သုံးပုံတစ်ပုံသည် ပရက်စ်၏ ကျေးဇူးကြောင့် ချက်ချင်းပင် လုပ်ခလစာနှစ်ဆ ခုန်တက်သွားတော့သည်။ ထိုအချိန်မှ စတင်ပြီး Gravity ကုမ္ပဏီသည်လည်း ပြောင်းလဲလာခဲ့တော့သည်။

လုပ်အား နှစ်ဆ တက်လာခဲ့သကဲ့သို့ ငွေလွှဲငွေယူ ပြုလုပ်သည့် တန်ဖိုးသည်လည်း တစ်နှစ်လျှင် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံမှ ၁၀ ဒသမ ၂ ဘီလီယံသို့ ခုန်တက်သွားခဲ့သည်။

ထိုသို့ အပြောင်းအလဲ လုပ်ငန်းစဉ်များတွင် ပရက်စ်အတွက် အခြားသော ဂုဏ်ယူစရာလည်း ရှိလာသည်။

“ခုလို ဝန်ထမ်းတိုင်းကို တစ်နှစ် လုပ်အားခ ခုနစ်သောင်း မပေးခင်က ကုမ္ပဏီမှာ ကလေးမွေးတာဟာ တစ်နှစ်မှ သုညကနေ နှစ်ယောက်အထိပဲ ဖြစ်တယ်။”ဟု ပရက်စ်က ပြောသည်။ “လစာ အပြောင်းအလဲ ကြေညာလိုက်ပြီးချိန်ကစပြီး နောက်ပိုင်း လေးနှစ်ခွဲအတွင်းမှာ ကုမ္ပဏီမှာ ကလေး ၄၀ ကျော်အထိ မွေးဖွားနှုန်းပါ တက်လာခဲ့တယ်။”ဟု ၎င်းက ပြောခဲ့သည်။

အိမ်ငှားဝန်ထမ်းများ၏ ဆယ်ရာခိုင်နှုန်းသည် အမေရိကန်၏ ဈေးအကြီးဆုံး မြို့မှာပင် ကိုယ်ပိုင်အိမ် ဝယ်လာနိုင်ကြသည်။ ယခင်က ကိုယ်ပိုင်အိမ် ဝယ်နိုင်သည့် နှုန်းမှာ တစ်ရာခိုင်နှုန်းပင် မပြည့်ခဲ့ပေ။ ဝန်ထမ်းများ၏ စေတနာအလျောက် ကိုယ်ပိုင်ပင်စင်ရန်ပုံငွေ ထည့်ဝင်မှုနှုန်းသည်လည်း နှစ်ဆ တက်ခဲ့သကဲ့သို့ ဝန်ထမ်းများ၏ ၇၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ အကြွေးများကို အကြေဆပ်နိုင်ပြီဟု ဆိုကြသည်။

သို့သော်လည်း ပရက်စ်သည် ဝေဖန်မှုများစွာကိုလည်း ရင်ဆိုင်ရသည်။ ထောက်ခံစာ ရာပေါင်းများစွာ ရရှိပြီး မဂ္ဂဇင်းမျက်နှာဖုံးများတွင် ‘အမေရိကား၏ အကောင်းဆုံး သူဌေး’ဟု ရေးသားဖော်ပြကလင့်ကစား Gravity ဖောက်သည်အများစုက နိုင်ငံရေး ထုတ်ပြန်ချက်တစ်ရပ်အဖြစ် ရှုမြင်ကြောင်း စာရေးပို့ ကန့်ကွက်ကြသည်။

ယင်းအချိန်တွင် ဆီယက်တဲလ်၌ အမေရိကန်တွင် အမြင့်ဆုံးဖြစ်သည့် အနိမ်ဆုံးလစာ ၁၅ ဒေါ်လာ ပေးရေး ငြင်းခုံဆွေးနွေးမှုများ မြင့်တက်နေချိန်ဖြစ်သည်။ ယင်းကို လုပ်ငန်းရှင်ငယ်များက ၎င်းတို့အနေဖြင့် ဒေဝါလီ ခံရလိမ့်မည်ဟု ပြောဆိုကာ ကန့်ကွက်ကြသည်။

ပရက်စ်၏ ကုမ္ပဏီမှ အကြီးတန်းအရာရှိနှစ်ဦးကလည်း ပရက်စ်၏ လစာ တိုးမြှင့်ကာ တစ်ပြေးတည်းပေးသည့် လုပ်ရပ်ကို ဆန့်ကျင်ပြီး နုတ်ထွက်သွားကြသည်။ ဝန်ထမ်းငယ်များ ညတွင်းချင်း လစာနှစ်ဆ တိုးသွားခြင်းကို

၎င်းတို့က မကျေမနပ်ဖြစ်ကာ ယင်းလုပ်ရပ်သည် ဝန်ထမ်းများကို ပျင်းရိစေမည်ဖြစ်ပြီး လုပ်ငန်းလည်း ယှဉ်ပြိုင်စွမ်းမဲ့သွားလိမ့်မည်ဟု ငြင်းခုံကန့်ကွက်ခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့ ပြောသကဲ့သို့ မဖြစ်လာပေ။

လစာတိုးမြှင့်လိုက်ချိန်ကစပြီး ဝန်ထမ်းငယ် လုပ်ဖော်ကိုင်ဖက်များက ကိုယ်အလေးချိန်တိုးလာသည်ဟု Gravity မှ အမျိုးသမီး အရောင်းမန်နေဂျာ ရိုစီတာဘာလိုးက ပြောသည်။ “အလုပ်လုပ်နေတဲ့အချိန် ပိုက်ဆံကို ခေါင်းထဲ ထည့်စရာ မလိုတဲ့အခါ အလုပ်ကို သည်းသည်းထန်ထန် လုပ်ကြတော့တာပဲ။”ဟု ၎င်းက ပြောသည်။ အကြီးတန်း မန်နေဂျာများတွင်လည်း အလုပ်ဝန် လျော့ကျသွားခဲ့ပြီး ဖိစီးမှု နည်းပါးလာခဲ့သည်။

ပရက်စ်ကမူ လစာတိုးပေးခြင်းသည် လူများ၏ စေ့ဆော်မှုကို မပြောင်းလဲစေကြောင်း၊ ဝန်ထမ်းများအနေဖြင့် အလုပ်ကို ကြိုးကြိုးစားစားလုပ်ရန် စေ့ဆော်မှု ရှိနှင့်ထားပြီးဖြစ်ကြောင်း၊ လစာတိုးပေးခြင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုသာ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ပရက်စ်အနေဖြင့် Gravity သည် အမေရိကန်၏ စီးပွားရေးလုပ်ငန်းများ၌ အပြောင်းအလဲကို ဖော်ဆောင်မည့် ဥပမာဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ထင်သလို မဖြစ်ခဲ့ပေ။ အချို့သော ကုမ္ပဏီအနည်းအကျဉ်းသာ ပရက်စ် လမ်းစဉ်လိုက်ပြီး အနည်းဆုံးလုပ်ခကို တိုးမြှင့်ပေးခြင်းများတော့ ရှိခဲ့သည်။

လစာတိုးမြှင့်သည့် အပြောင်းအလဲက ပရက်စ်၏ လူမှုနေထိုင်မှုပုံစံကိုပါ ပြောင်းလဲစေသည်။ ယခင်က ပရက်စ်သည် လူဖြူလူငယ် နည်းပညာလုပ်ငန်းရှင် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်ခဲ့သည်။ ဆီယက်တဲလ်၌ ရှုခင်းကောင်းကောင်းကို စီးမိုးမြင်နိုင်သည့် အိမ်လှလှတစ်လုံးတွင် နေခဲ့သည်။ ဈေးကြီးသော စားသောက်ဆိုင်များတွင် ရှန်ပိန်သောက်သူ ဖြစ်သည်။

နောက်ပိုင်းတွင်တော့ ကြွေးမတင်အောင်ပင် အိမ်ငှားနေရတော့သည်။ အလုပ်လာရာတွင်လည်း ၁၂ သက်တမ်းရှိနေပြီဖြစ်သည့် Audi ကားဖြင့်သာ အလုပ်လာနေရသည့် ဘဝသို့ ရောက်ရှိသွားတော့သည်။ ထို့အတွက် ဝန်ထမ်းတစ်စုက ပိုက်ဆံ ဝိုင်းစုကာ ပရက်စ်ကို Tesla ကားတစ်စီး ဝယ်ပေးခဲ့ကြရသည်။

“ကျွန်တော်ဟာ မက်ဇူကာဘတ်နဲ့ အသက်ရွယ်တူပါပဲ။ ကျွန်တော့်မှာ အမှောင်ဖုံးတဲ့ အချိန်တွေ ရှိခဲ့တယ်။ မက်ဇူကာဘတ်လောက် ချမ်းသာပြီး Forbes စာရင်းမှာ မက်ဇူကာဘတ်နဲ့ ယှဉ်ပြိုင်လိုခဲ့တယ်။ Time မဂ္ဂဇင်းမှာလည်း မျက်နှာဖုံးက ဖော်ပြခံခဲ့ချင်တယ်။ ဒါတွေဟာ တော်တော်လေး မက်မောစရာတွေပါပဲ။”ဟု ပရက်စ်က ပြောသည်။

“ဒါတွေကို မျက်ကွယ်ပြုလိုက်ဖို့က သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော့် ဘဝက ပိုပြီးတော့ ကောင်းမွန်လာတော့တယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required