တော့တင်ဟမ် ဟော့စပါးကွင်းမှာ ကူဘရတ် ပူလက်ဗ်ကို ထိုးသတ်မယ့် အန်သိုနီ ဂျိုရှုအာ

တော့တင်ဟမ် ဟော့စပါးကွင်းမှာ ကူဘရတ် ပူလက်ဗ်ကို ထိုးသတ်မယ့် အန်သိုနီ ဂျိုရှုအာ
Photos: AFP & EPA

ဗြိတိန်ကမ္ဘာ့ချန်ပီယံ အန်သိုနီ ဂျိုရှုအာဟာ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေ ကာကွယ်ပွဲအဖြစ် ကူဘရတ် ပူလက်ဗ်ကို ဇွန်လ ၂၀ ရက်နေ့မှာ တော့တင်ဟမ် ဟော့စပါးအားကစားကွင်းမှာ ထိုးသတ်သွားမှာဖြစ်ပါတယ်။

အသက် (၃၈)နှစ်အရွယ်ရှိ ဘူလ်ဂေးရီးယားလက်ဝှေ့သမား ပူလက်ဗ်ဟာ WBA၊ IBF၊ WBO ချန်ပီယံ (၃)ခုကို ပိုင်ဆိုင်ထားတဲ့ ဂျိုရှုအာကို စိန်ခေါ်တာဖြစ်ပါတယ်။

ဂျိုရှုအာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အန်ဒီ ရုဇ်ဂျူနီယာကို အနိုင်ယူပြီး ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေကို ပြန်လည် ရယူခဲ့ပါတယ်။

"ဇွန် ၂၀ မှာ ကျနော့်ရဲ့ ဟဲဗီးဝတ်ကမ္ဘာ့ချန်ပီယံခါးပတ်တွေကို ကာကွယ်သွားမှာဖြစ်ပါတယ်။"လို့ ဂျိုရှုအာက တနင်္လာနေ့က တော့တင်ဟမ်ရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ချက်တစ်စောင် ရေးတင်ခဲ့ပါတယ်။

"ခဏတာ ဝေးကွာပြီးနောက် ကျနော့် မွေးရပ်မြေကို ပြန်လာပါပြီ။ လန်ဒန်မြောက်ပိုင်းမှာ အံ့မခန်းဖွယ်ကောင်းတဲ့ အားကစားကွင်းတစ်ခုကို တည်ဆောက်ခဲ့ပြီး ဒီကွင်းရဲ့ ပထမဆုံး ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ် ထိုးသတ်ပွဲပြုလုပ်မှုနဲ့အတူ ကျနော်တို့ရဲ့ သမိုင်းကြောင်းကို သက်သေပြဖို့ ကမ္ဘာ့အနှ့ံက လက်ဝှေ့အသိုင်းအဝိုင်းကို ယူဆောင်လာမှာဖြစ်လို့ ကျနော် ဂုဏ်ယူမိပါတယ်။"

ပူလက်ဗ်ကလည်း "ကျနော် တကယ်ပဲ ဘယ်လောက် သန်မာတယ်ဆိုတာ ကမ္ဘာကို ချပြဖို့ အခွင့်အရေး ရရှိတဲ့အတွက် ကျနော် ပျော်ရွှင်ပါတယ်။"လို့ ပြောပါတယ်။

ဒီပွဲစဉ်ဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာမှာ ဝင်ဘာလေမှာ ရုရှားနိုင်ငံသား အလက်ဇန်းဒါး ပိုဗက်ကင်ကို အနိုင်ယူခဲ့ပြီးနောက်ပိုင်း ယူကေမှာ ဂျိုရှုအာရဲ့ ပထမဆုံး ထိုးသတ်ပွဲဖြစ်လာပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required