ကွတ်ခိုင်တွင် ကျပ် ၃၈ဘီလီယံ တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးစက်ရုံ ဖမ်းဆီးရမိဟု တပ်မတော်သတင်းထုတ်ပြန်

ကွတ်ခိုင်တွင် ကျပ် ၃၈ဘီလီယံ တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးစက်ရုံ ဖမ်းဆီးရမိဟု တပ်မတော်သတင်းထုတ်ပြန်
Photo Credit - တပ်မတော်သတင်းမှန်ပြန်ကြားရေး

မတ်လ ၂။              ။ ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီးတွင် ငွေကျပ် ၃၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်ရာတွင် သုံးစွဲသည့် ပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ရက် ညနေ၆နာရီ တွင် ကောင်းခါးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံ နှစ်လုံးအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂတ်စ်မီးဖို ၁၅၈လုံး၊ ဓာတုဆေးရည်ဗူး ၄၁၀ဗူး၊ ငါးဂါ လန်ဆံ့ ဓာတုဆေးရည်ပုံး ၂၆၆ပုံး၊ ဓာတုဆေးရည်အိတ် ၈၇အိတ်၊ အက်ဆစ်များထည့် ထားသည့် ပေပေါ ၁၅လုံးနှင့် ဆေးပြားရိုက်စက် တစ်ခု၊ မူးယစ်ဆေးချက်လုပ်သည့် ဆက်စပ်ပစ္စည်းမျိုးစုံ တို့ကို ဖမ်းဆီးရမိကြောင်း သ တင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၉ရက် တွင်လည်း မြေကျင်းတူး၍ သိုဝှက်ထားသည့် အက်ဆစ်၅၀ဂါလန်ဆံ့ ပေပါ ၂၈၁လုံး၊ WY တံဆိပ်နှင့် R တံဆိပ်ပါ စိတ်ကြွ ဆေးပြား စုစုပေါင်း ၁၆၄သိန်းနှင့် ဘိန်းဖြူ ၃၃၀၀၀ ဂရမ်တို့ကို သိမ်းဆည်း ရမိခဲ့သည်။

မတ်လ ၁ရက်တွင်လည်း စိတ်ကြွဆေးပြားစုစုပေါင်း ၁၅သိန်း ၄သောင်းကျော်၊  ဘိန်းဖြူ ဆပ်ပြာခွက် ၁၄၀ခွက်၊ ဆေးပြားရေတွက်စက်နှစ်လုံး၊ အမှုန့် ကြိတ်စက်တစ်လုံး၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်  အ ခြားသောပစ္စည်းများနှင့်အတူ  မော်တော်ယာဉ်များကိုလည်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မော်တော်ယာဉ်များ၊ ငွေကျပ်၃၈ဘီလီယံကျော်တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ၊ ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း နှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly