‘ခက်ခဲတဲ့ ရက်သတ္တပတ်ပါ။ ကျနော်တို့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ထင်တယ်။’ - ဇီဒန်း

‘ခက်ခဲတဲ့ ရက်သတ္တပတ်ပါ။ ကျနော်တို့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ထင်တယ်။’ - ဇီဒန်း
Photos: AFP & EPA

တနင်္ဂနွေ့နေ့က ရီးယဲလ်မက်ဒရစ်ဟာ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာကို အနိုင်ယူပြီး လာလီဂါဇယားထိပ်ကို ပြန်လည်ရောက်ရှိပြီးနောက်မှာတော့ ဇီဒန်းက "ကျနော်တို့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ကျနော်ထင်တယ်။"လို့ ပြောဆိုသွားပါတယ်။

ရီးယဲလ်အသင်းဟာ အိမ်ကွင်း အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ်အနေနဲ့လည်း အသာရသွားတာကြောင့် လာလီဂါဖလားအတွက် အခြေအနေ ပြန်လည်ကောင်းမွန်လာပါတယ်။

ရီးယဲလ်အတွက် အဖွင့်ဂိုးကို လူငယ်ကစားသမား ဗီနီစီးယပ်စ်နဲ့ ပွဲသိမ်းဂိုးကိုတော့ ပွဲပြီးခါနီးလူစားဝင်လာတဲ့ မာရီယာနိုက သွင်းယူပေးခဲ့ပါတယ်။

ဇီဒန်းရဲ့ မက်ဒရစ်ဟာ လာလီဂါမှာရော၊ ချန်ပီယံလိဂ်မှာပါ ရလဒ်တွေ မကောင်းခဲ့သလို၊ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး (၂)ပွဲဆက် အရှုံးကနေ ပြန်လည်နိုးထလိုက်တာပါ။

"ခက်ခဲတဲ့ ရက်သတ္တပတ်ပါ။ ဒီနေ့ပွဲမှာ ကျနော်တို့ ဘယ်လို အခွင့်အရေးရမလဲဆိုတဲ့အကြောင်း ပြောဆိုခဲ့ကြပြီး ဒါကို ကျနော်တို့ ရယူနိုင်ခဲ့တယ်။"လို့ ရီးယဲလ်နည်းပြ ဇီဒန်းက ပြောပါတယ်။

ဒီနိုင်ပွဲကြောင့် မက်ဒရစ်တို့ဟာ ဘာစီလိုနာကို ဇယားထိပ်ကနေ တစ်မှတ်ဖြတ်ထားပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ ဆက်တီယန်ရဲ့ ဘာစီလိုနာဟာ ပြန်လည်အာရုံစိုက် လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

"တကယ်ကတော့ ဘောလုံးနဲ့အတူ ကျနော်တို့ ယုံကြည်မှုများစွာ ဆုံးရှုံးခဲ့တယ်။ ဂိုးပေးလိုက်တဲ့အခါမှာတော့ ကျနော်တို့ စိုးရိမ်မှုနဲ့ ထိပ်ဆိုက်တွေ့တော့တာပဲ။"လို့ ဆက်တီယန်က ပြောသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly