ဖမ်းဆီးထားသည့် လူလေးဦးကို ပြန်လွှတ်ရန် မရှိသေးဟု TNLA ပြော

ဖမ်းဆီးထားသည့် လူလေးဦးကို ပြန်လွှတ်ရန် မရှိသေးဟု TNLA ပြော

ရန်ကုန်၊မတ်လ ၁ ။                 ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ဝါလုရွာသားလေးဦးကို ဘိန်းခြံစိုက်ပျိုးသည်ဟုဆိုကာ ဖမ်းဆီးထား သည်ရာ ပြန်လွှတ်ပေးရန် မရှိသေးကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

အဆိုပါ လေးဦးကို ဖေဖော်ဝါရီ ၂၄ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ခါတိုင်းလည်း ဒီလိုပဲ အများကြီး ရှိတာပါပဲ၊ ကျွန်တော်တို့အဖွဲ့ စထူထောင်ကတည်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်တာ ဖြစ်တယ်၊ ဖမ်းဆီး အရေးယူတယ်၊ ပညာပေးတယ်။ ဖမ်းမိတဲ့ သူတွေကိုလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ် ကျခံပြီးရင်တော့ ပြန်လွှတ်ပေးမှာပါ”ဟု ပြောသည်။

TNLA မှ ဖွဲ့စည်းထားသော တရားရေးဌာနနှင့် မူးယစ်အဖွဲ့ ပူးပေါင်းကာ ပြစ်ဒဏ် မည်မျှ ချမှတ်မည်ဆိုသည်ကို သတ်မှတ် ၍ ပြစ်ဒဏ်ကျခံပြီးပါက ရွာသားလေးဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
TNLA မှ ဘိန်းခြံ စိုက်ပျိုးသည်ဟု ဆိုကာ ဖမ်းဆီးသွားသော်လည်း ထိုသို့ ဖမ်းဆီးသွားသည့် ရွာသူရွာသား လေးဦးမှာ ဘိန်းစိုက်ခြင်း၊ ဘိန်ရောင်းဝယ်ခြင်း ပြုလုပ်သူများ မဟုတ်ဘဲ ဖမ်းဆီးသူများထဲတွင် အသက် ၇၀ အရွယ် သက်ကြီးရွယ်အို တစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံ တချို့က ပြောသည်။

ခိုလုံလီရှောလူငယ်အဖွဲ့မှ အမည်မဖော်လိုသူတစ်ဦးက “အခုလည်း ရွာသားတွေ သွားညှိနေကြတယ်၊ သိန်းရာချီ တောင်း တယ်၊ ပေးရင် ပြန်လွှတ်ပေးမယ်လို့တော့ ပြောတယ်၊ သူတို့ဘက်က ပိုက်ဆံလိုချင်လို့ တွေ့တဲ့သူ ခေါ် သွားတဲ့ သဘော ပါပဲ” ဟု ဆိုသည်။

အမည်အဖော်လိုရခြင်းမှာ အသက်အန္တရာယ် စိုးရိမ်သည့်အတွက် ဖြစ်သည်။

၂၀၁၉ ခုနှစ် အတွင်းကလည်း  နန့်ခမ်းမြို့နယ်၊ ပန်းမောက်ရွာ အသက် ၉၈ နှစ်အရွယ် အဘိုးအိုတစ်ဦးကို အဓမ္မ ခေါ်ဆောင်သွားပြီး တစ်ရက်အကြာတွင် သုံးသိန်းပေးကာ TNLA တပ်မှ ပြန်လည် ခေါ်ဆောင်လာခဲ့ဖူးကြောင်း ၎င်း အမည် မဖော်လိုသူ ကပြောသည်။

TNLA မှ ဖမ်းဆီးသွားသည့် ခိုလုံလီရှော ၄ ဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် တာကွန့်ကျေးရွာအုပ်စု ဝါလုရွာသား ဦးအုတ်ရှီလင် (အသက် ၇၆ နှစ်)၊ ဦးကျင်ယိုးပေါင်း (အသက် ၇၄ နှစ်)၊ ဦးကျုံမင်ဖူ (အသက် ၄၁နှစ်)နှင့် ဒေါ်ကျင်လိုင်ရွှင် (အသက် ၃၁ နှစ်)ဖြစ်ကြောင်း ခိုလုံလီရှော လူငယ်အဖွဲ့က ပြောသည်။

ထိုသူများကို TNLA က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၂ နာရီခန့်က အဓမ္မ ခေါ်ဆောင်သွားသည်ဟု ဒေသခံ ရွာသူ/ရွာသားများက ဆိုသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ နှင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် စသည့် မြို့နယ်များအတွင်းမှာ တို့မှာ လှုပ်ရှားနေသော ပလောင် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required