လမ်းမတော် သံဈေးမီးလောင်မှု ဝါယာရှော့ကြောင့်ဟုဆို

လမ်းမတော် သံဈေးမီးလောင်မှု ဝါယာရှော့ကြောင့်ဟုဆို
ဓာတ်ပုံ  −  နောင်နောင်

ဖေဖော်ဝါရီ  ၂၈ ။                 ။ ရန်ကုန်တိုင်းဒေသကြီးလသာမြို့နယ် လမ်းမတော် သံဈေး မီးလောင်မှုမှာ ဝါယာကြိုးရှော့ဖြစ်ရာမှစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့၏ တွက်ချက်မှု  အရငွေကျပ်သိန်း ၁၀၂၆ သိန်း ဆုံးရှုံး ခဲ့ကြောင်း ကျောက်တံ တားမြို့နယ် မီးသတ်ဦးစီးအရာရှိဦးမျိုးညီညီကပြောသည်။

၎င်းက “လမ်းမတော်သံဈေးဆုံးရှုံးမှုက သိန်း ၁၀၂၆ သိန်းပါ။ ပစ္စည်းကအစုံပါတယ်။ ဘာလဲဆိုဖန်ခွက်တွေရောအစုံပါတယ်။ ”ဟုပြောသည်။

 မီးလောင်ကျွမ်းခဲ့ခြင်းမှာဆိုင်ခန်းအမှတ် ၁၆၃ နှင့် ၁၅၀ ကြားအပေါ်တွင် သွယ်တန်းထားသောလုံခြုံရေးမီးကြိုးနှင့် ပါဝါကြိုးဆုံမှတ်နေရာတွင် ပူလွန်ကဲပြီးမီးကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ကဆိုသည်။

အထပ်ပေါင်း ၁၀ လွှာအထိရှိသည့် လမ်းမတော် သံဈေးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီကျော် အချိန်ခန့်က စတင်ကာ လေးနာရီခန့်ကြာအောင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် သံဈေးရှိဈေးဆိုင်ခန်းပေါင်း ၄၃ ခန်းမီးလောင်ကျွမ်းခဲ့ပြီးမီးဟပ်ခံရသည့် ဈေးဆိုင်ခန်း ၁၈ ခန်းရှိခဲ့သည်။မီးလောင်ကျွမ်းသည့်အထဲတွင် ဖန်ခွက်များ၊ ဒယ်အိုးများအပါအဝင် လူအသုံးအဆောင် ပစ္စည်း မျိုး စုံပါဝင်ကြောင်းသိရသည်။

ထိုသို့မီးလောင်ကျွမ်းခဲ့သည့် သံဈေးကိုအမြန်ဆုံးပြန်လည်ပြုရန်နှင့် အင်ဂျင်နီယာခေါ်ယူပြီးအဆောက်အဦးကိုဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ပိုင်းကမီးလောင်ကျွမ်းနေသည့် အခြေအနေကိုလာရောက် ကြည့်ရှုစဉ် သတင်းထောက်များကိုပြောဆိုထားသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “မီးသတ်ထောက်ခံချက်အပေါ် မှုတည်ပြီးတော့မှ ဘာဆက်လုပ်မလဲဆိုတာရှိတယ်။ ပြီးလို့ရှိရင် အင်ဂျင်နီယာအပိုင်းနှင့် အဆောက်အအုံပိုင်းဆိုင်ရာစစ်ဆေးမှုဝင်မယ်။ ဦးတည်ချက် ကတော့ ဘယ်လိုမျိုးကောင်းအောင်လုပ်မလဲ။ ပြီးရင် ပြန်လည်ထူထောင်ရေးအတွက် ဘယ်လိုလုပ်မလဲပေါ့။”ဟုပြောသည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်ပြီးတာဝန်ရှိသူများကိုစစ်ဆေးပြီးဖြစ်ကာအရေးယူဆောင်ရွက်မှုအပိုင်းကိုရဲတပ်ဖွဲ့ကတာဝန်ယူဆောင်ရွက်နေကြောင်းလည်း သိရသည်။

အဆိုပါ မီးလောင်မှုကို  Level 5 အဆင့်ရှိမီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်အပါအဝင် စုစုပေါင်းအစီး ၁၀၀ ကျော်၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀၀ ကျော်နှင့် မီးငြိမ်းသတ်ခဲ့ရပြီးသံဈေး၏ အပေါ်ထပ်ရှိလူနေအိမ်နှင့် ဓာတ်လှေကားတွင် ပိတ်မိနေသူ (၈၅) ဦးကိုရှာဖွေကယ်ဆယ်ရေးမီးသတ်အထူးတပ်ဖွဲ့ဝင်များကခက်ခက်ခဲခဲဖြင့် ကယ်ထုတ်ခဲ့ရသည်။

ယင်းအနက် သက်ကြီးရွယ်အိုနှင့် ကလေးငယ်အပါအဝင် စုစုပေါင်း ၁၅ ဦးမှာမီးခိုးငွေ့ကြောင့် အသက်ရှုကြပ်နေသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ကြရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက် ပြီးသေ ဆုံးသူမရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိမီးလောင်ကျွမ်းမှု ၂၁၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီးထိုမီးလောင်ကျွမ်းမှုကြောင့် ၇၉ ဦးသေဆုံးပြီး ၆၃၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly