ကိုရိုနာဗိုင်းရပ်စ် Covid 19 ကို တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် Covid 19 ကို တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်
 Photo Credit - MINISTRY OF HEALTH AND SPORTS

ဖေဖော်ဝါရီ၂၈။           ။ ကိုရိုနာဗိုင်းရပ်စ် (Covid 19) ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ဖြစ်ပွားခဲ့သော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019-COVID-19) မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်နှံမှုမဖြစ်ပွားစေရေးအတွက်

ကြိုတင်ကာကွယ်ခြင်းနှင့် တုံပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ကိုင်ခွင့်ကို ကျင့်သုံး ကာ ကြော်ငြာလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကူးစက်မြန်ရောဂါသို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ ၂၈ရက်က သတ်မှတ်လိုက်ခြင်းဖြစ်ပြီး အမိန့်မရုတ်သိမ်းသမျှကာလပတ်လုံး အတည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူအများအပြား ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများ အတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူများနှင့် လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် ယခုကာလ အတွင်း လူစုလူဝေးများပြားရာနေရာများနှင့် ပွဲလမ်းသဘင်များရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် နှိုးဆော်ထားသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ အထိ တိုင်းဒေသကြီးပြည်နယ်များမှာ စောင့်ကြည့်လူနာ ၄၂ ရှိနေကြာင်းသိရသည်။

လက်ရှိတွင် ရောဂါစတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်း ၃၈ နိုင်ငံတွင် ရောဂါပိုးကူးစက်ပျံ့နှံနေပြီး တောင်ကိုရီးယားနိုင်ငံတွင် ကူးစက်မှုနှုန်း မြန်ဆန်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly