ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် အီတလီက ခရီးသည်တွေကို အစ္စရေး ပြန်ပို့

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် အီတလီက ခရီးသည်တွေကို အစ္စရေး ပြန်ပို့
Photo  - AFP

ဖေဖော်ဝါရီ ၂၈။         ။ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် အစ္စရေးနိုင်ငံဟာ ကြာသပတေးနေ့က အီတလီနိုင်ငံကနေ ဆင်းသက်လာတဲ့ လေယာဉ်တွေမှ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဒါဇင်များစွာကို ပြည်ဝင်ခွင့် ငြင်းပယ် ထားပါတယ်။

အစ္စရေးနိုင်ငံဟာ ကိုရိုနာ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ခရီးသွားလာမှုတွေကို ဟန့်တားလျက် ရှိနေတာလည်း ဖြစ်ပါတယ်။

အီတလီက ဧည့်သည်တွေကို ပြည်ဝင်ခွင့်ပေးလိုက်မှာ မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားတာလည်း ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနဲ့ စင်ကာပူအပြင် မကာအိုနဲ့ ဟောင်ကောင်တို့က ဧည့်သည်တွေကို ပြည်ဝင်ခွင့် ငြင်းပယ်ထားတာဖြစ်ပြီး အခု အီတလီကိုပါ ပြည်ဝင်ခွင့် ပိတ်လာတာပဲ ဖြစ်ပါတယ်။

အီတလီနိုင်ငံသား ၁၉ အပါအဝင် နိုင်ငံခြားဧည့်သည် ၂၅ ဦးဟာ တဲလ်အဗစ်က ဘန်ဂူရီယံလေဆိပ်ဆီ ဆင်းသက်လာပြီး ပြည်ဝင်ခွင့် မရရှိဘဲ နောက်ကြောင်းပြန် ပြန်လည်ထွက်ခွာရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြော ပါတယ်။

အစ္စရေးနိုင်ငံသားတွေကိုလည်း ပြည်ပခရီး ထွက်ခွာတာကို တတ်နိုင်သလောက် ရှောင်ဖို့ ပြောဆိုတိုက်တွန်းထားပါတယ်။

အစ္စရေးနိုင်ငံမှာ လက်ရှိအထိ ကိုရိုနာ ကူးစက်ဖြစ်ပွားသူ သုံးဦး ရှိရာမှာ နှစ်ဦးက ကိုရိုနာကူးစက်ဖြစ်ပွားတဲ့ ဂျပန်အပျော်စီးသင်္ဘော Diamond Princess သင်္ဘောပေါ်မှာ ကူးစက်ခံရတာဖြစ်ပြီး ကျန်တစ်ဦးကတော့ အီတလီ နိုင်ငံမှာ နေထိုင်ခဲ့တဲ့ အစ္စရေးနိုင်ငံသားတစ်ဦးပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly