၂၀၂၀ ရွေးကောက်ပွဲတွင် ကော့မှူးကနေ ဝင်ပြိုင်မည်ဟု ဦးဌေးအောင်ပြော

၂၀၂၀ ရွေးကောက်ပွဲတွင် ကော့မှူးကနေ ဝင်ပြိုင်မည်ဟု ဦးဌေးအောင်ပြော
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၂၇။       ။ House of Orchid ပိုင်ရှင်ဖြစ်သူ ဦးဌေးအောင်က ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမဲဆန္ဒနယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြောသည်။

ဖေဖေါ်ဝါရီလ ၂၇ ရက်က House of Orchid တွင် ပြုလုပ်သည့် ဦးဌေးအောင်၏ ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်သီး ပုဂ္ဂလိက အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် သတင်းစာ ရှင်းလင်းပွဲမှာ အထက်ပါ အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

ဦးဌေးအောင်က" အစ်မကြီး(ဒေါ်အောင်ဆန်းစုကြည်)က ကမ္ဘာသိ ဖြစ်ပါတယ်။ အစ်မကြီးကို ယှဉ်ပြိုင် လိုက်ခြင်းအားဖြင့် ကမ္ဘာက သိသွားပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ယှဉ်ပြိုင်မှုက ပြိုင်ရုံသက်သက်ပဲ မဟုတ်ဘူး။

ကျွန်တော်တို့ တိုင်းပြည်အတွက် IMAGE ဖြစ်နေတယ်။ ဘာသာခြားတွေကို ခွဲခြား ဆက်ဆံတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မူစလင် တစ်ယောက်နဲ့ ကိုယ်စားလှယ် ရွေးချယ်ပွဲမှာ ယှဉ်ပြိုင်ပြီးတော့ ရွေးတာ ကို ကျွန်တော် မြင်စေချင်တာပါ။ လူတွေအမြင်မှာ ဒီလူ့အသိုင်းအဝိုင်းက သူတို့ သဟဇတဖြစ်တဲ့ သူတွေ အကုန်ပေါင်းဖက်နေတာပဲ။ ဒီလိုပြရုပ်ကို မြင်စေချင်တာပါ" ဟု မဇ္ဈိမသို့ ပြောသည်။

ဦးဌေးအောင် ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ မဲဆန္ဒနယ်ဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရထားသော မဲဆန္ဒနယ်လည်း ဖြစ်သည်။

လက်ရှိအချိန်ထိတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ရှိ/မရှိကို ကြေညာခြင်းမရှိသလို ထုတ်ဖော် ပြောကြားမှုလည်း မရှိသေးပေ။
ကျင်းပပြီးခဲ့သော ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မှုမျိုး မလုပ်ခဲ့ဘဲ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်၌ စီးပွားရေး လုပ်ရကိုင်ရ ခက်ခဲလာသည့်အတွက် နိုင်ငံရေးလောကထဲသို့ ဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး အားပေးသူများနှင့် ဖိတ်ခေါ် သူများ၏ တိုက်တွန်းမှုများကြောင့်လည်း ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အင်အားကြီး ပါတီများက ဖိတ်ခေါ်မှုရှိသော်လည်း ် လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုသည့်အတွက် တစ်သီး ပုဂ္ဂိလိက ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် လွှတ်တော် ကိုယ်စား လှယ် မရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

လက်ရှိမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မည်သည့် အချိန်တွင် ကျင်းပမည်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly