ဝူဟန်တွင် ကျန်ခဲ့သည့် မြန်မာကျောင်းသားနှစ်ဦးကို အိန္ဒိယနိုင်ငံမှ လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာ

ဝူဟန်တွင် ကျန်ခဲ့သည့် မြန်မာကျောင်းသားနှစ်ဦးကို အိန္ဒိယနိုင်ငံမှ လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာ

ရန်ကုန်၊ ဇန်နဝါရီ။              ။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် သေဆုံးမှုအများဆုံးဖြစ်နေသည့် ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် ကျန်နေခဲ့သော မြန်မာကျောင်းသား၊ ကျောင်းသူ နှစ်ဦးကို အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံသို့ ဆေးပစ္စည်းသွားရောက်ပေးပို့သော လေယာဉ်နှင့်အတူ ပြန်လည်ခေါ်ဆောင်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။

ဒေသစံတော်ချိန် နံနက်နှစ်နာရီခန့်တွင် အိန္ဒိယလေတပ် လေယာဉ် Globemaster ဖြင့် ဝူဟန်မြို့မှ မြန်မာကျောင်းသားနှစ်ဦးလိုက်ပါသွားပြီး အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဘေကျင်းအခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

၎င်းက“အိန္ဒိယက လေယာဉ်နဲ့ ဆေးပစ္စည်းတွေ လာပို့တာပါ။  လာပို့တဲ့အခါမှာ သူတို့ ကြေညာချက်ထုတ်ပါတယ်။ ဒါ့နဲ ပတ်သက်ပြီး အိမ်နီးနားချင်းပတ်ဝန်းကျင်နိုင်ငံတွေက အပြန်လိုက်ချင်တယ်ဆိုရင် စာရင်းပေးပါဆို ပြီးတော့ ထုတ်ပြန်ပါတယ်။ ကျွန်တော်တို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြရပါတယ်။ အလားတူကျောင်းသားတွေ ဆန္ဒကို မေးတာပေါ့နော်။ သူတို့ကလည်း စပြီးအဆိုပြုတာပါ။ သူတို့လိုက်ချင်ပါတယ်ဆိုပြီး နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ အိန္ဒိယသံရုံး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနေတွနဲ့ ချိတ်ဆက်ဆောင်ရွက်တာပါ” ဟု ပြောသည်။

ယခုလအစောပိုင်းက COVID-19 ရောဂါစတင်ပြန့်ပွားရာ ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာကျောင်းသားများကို မြန်မာအစိုးရက လေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရာ အဆိုပါကျောင်းသားနှစ်ဦးသည် ကိုယ်အပူချိန် အနည်းငယ်မြင့်တက်နေသောကြောင့် လေယာဉ်ဖြင့် ပြန်လိုက်ခွင့်မရဘဲ ကျန်နေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မြန်မာကျောင်းသားနှစ်ဦးကို အိန္ဒိယနိုင်ငံတွင် ၁၄ ရက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဘေကျင်းအခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက “အိန္ဒိယသံရုံးရဲ့ ပြောကြားချက်အရ သူတို့ အိန္ဒိယမှာ ၁၄ ရက်စောင့်ကြည့်ထားမယ်။ ဘယ်မှာထားမလဲတော့ ကျွန်တော်တို့လည်း အခုမေးနေပါတယ်။ မနက်ကိုးနာရီကျော်ကျော်လောက်မှာ အဆက်အသွယ်ရပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီး နယူးဒေလီက မြန်မာသံရုံးကိုလည်း ၁၄ ရက်နေတဲ့ကာလအတွင်းမှာရယ်၊ ပြန်တဲ့အချိန်မှာ ကူညီဆောင်ရွက်ပေးဖို့ ညှိနှိုင်းဆောင်ရွက် ထားပါတယ်” ဟု ပြောသည်။

ထိုနှစ်ဦးကို ၁၄ ရက်စောင့်ကြည့်ပြီးလျှင်မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။COVID-19 ကြောင့် သေဆုံးသူ ၂၇၁၆ ဦးအနက် ရောဂါစတင်ဖြစ်ပွားရာ ဟူပေပြည်နယ်တွင် ၂၆၁၅ ဦးရှိနေပြီဖြစ်သည်။ ဖေဖော်ဝါရီလ ၂၇ ရက် မနက်အထိ သတင်းများအရ ကမ္ဘာတစ်ဝှမ်း ရောဂါကူးစက်ခံရသူပေါင်း ရှစ်သောင်းကျော်နှင့် သေဆုံးသူ ၂၇ဝဝ ကျော်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly