ကာဂျစ္စတန်၌ ဆန္ဒပြမှုများကြောင့် ဒေါ်လာ သန်း ၂၇၀ ကျော်တန် တရုတ်စီမံကိန်းအား ဖျက်သိမ်း

By RFE
27 February 2020
ကာဂျစ္စတန်၌ ဆန္ဒပြမှုများကြောင့် ဒေါ်လာ သန်း ၂၇၀ ကျော်တန် တရုတ်စီမံကိန်းအား ဖျက်သိမ်း

ဖေဖော်ဝါရီ ၂၇။            ။ ကာဂျစ္စတန်နိုင်ငံ၌ ဆန္ဒပြမှုများကြောင့် နိုင်ငံအရှေ့ပိုင်းရှိ အမေရိကန်ဒေါ်လာ ၂၇၅ သန်းတန် တရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်းအား ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ကို အစိုးရက ကြေညာလိုက်သည်။

နာယိုင်ဒေသရှိ အက်ဘာရှီခရိုင်မှ ဒေသခံအချို့ ဆန့်ကျင်ကန့်ကွက်မှုကြောင့် အကြီးစား သယ်ယူပို့ဆောင်ရေး ထောက်ကူပြုစင်တာ တည်ဆောက်ရေး စီမံကိန်းများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်အား အစိုးရ၏ ပြန်ကြားရေးဌာနမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကာဂျစ္စတန်သို့ ၂၀၁၉ ခုနှစ်အတွင်းက တရုတ် သမ္မတ ရှီကျင့်ဖျင် လာရောက်စဉ်က ချုပ်ဆိုခဲ့သော အဆိုပါ စီမံကိန်းသဘောတူညီချက်အား ပယ်ဖျက်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို စတင်အကောင်အထည် ဆောင် ရွက်လျက် ရှိသည်ဟု ပြန်ကြားရေးဌာနက ဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် စီမံကိန်းအတွက် မြေဧရိယာ ဟက်တာ ၂၀၀ ပေးရမည့် ဆုံးဖြတ်ထားချက်ကိုလည်း ပယ်ဖျက်ခြင်း အပါအဝင်ဖြစ်သည်။ ကနဦးလုပ်ငန်းစဉ်အတွက် အစိုးရအနေဖြင့် ရင်းနှီးမြုပ်နှံသူများကို နစ်နာ ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၆၄၅၀၀၀ ပြန်လည်ပေးဆပ်သွားရမည်ဖြစ်သည်။

အဆိုပါ သယ်ယူပို့ဆောင်ရေး ထောက်ကူပြုစင်တာ တည်ဆောက်ရေးကို ဒေသခံတစ်ချို့က ကန့်ကွက်မှုများ ရှိနေ၍ အကြီးစားနှင့် ရေရှည်ဖြစ်သော ယင်းစီမံကိန်းကို ဖော်ဆောင်ရန် မဖြစ်နိုင်ခြင်းကြောင့် ကန်ထရိုက်ကို ပယ် ဖျက်ကြောင်း ကာဂျစ္စတန်-တရုတ် အက်တာဘာရှီ လွတ်လပ်သော စီးပွားရေးဇုန် ဖက်စပ်လုပ်ငန်းစုက ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက ကြေညာထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required