ဂရမ်းဆလမ်း ချန်ပီယံငါးဆုရှင် ရှာရာပိုဗာ တင်းနစ်လောကမှ နုတ်ဆက်ထွက်ခွာ

ဂရမ်းဆလမ်း ချန်ပီယံငါးဆုရှင် ရှာရာပိုဗာ တင်းနစ်လောကမှ နုတ်ဆက်ထွက်ခွာ
Photos: EPA

ဂရမ်းဆလမ်း ချန်ပီယံ ငါးဆုရှင် မာရီယာရှာရာပိုဗာက တင်းနစ်လောကမှ အနားယူပြီဖြစ်ကြောင်း Vogue နှင့် Vanity Fair မဂ္ဂဇင်းများမှတစ်ဆင့် ရေးသားကြေညာသွားခဲ့သည်။

အသက် ၃၂ နှစ်တွင် ယခုကဲ့သို့ အနားယူလိုက်သည့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာသည် ဒုတိယအကြိမ်မြောက် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ၂၀၁၄ ခုနှစ်က အနိုင်ရပြီး နောက်ဆုံး ဂရမ်းဆလမ်း ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

သူ့၏ နောက်ဆုံးပြိုင်ပွဲအဖြစ် ၂၀၂၀ ဩစတြေးလျအိုးပင်း ပြိုင်ပွဲတွင် ဒိုနာဗီကစ်အား ပထမအချီမှာပင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဂ္ဂဇင်းများပါ ဆောင်းပါး၌ ရှာရာပိုဗာက တင်းနစ်လောကကို နုတ်ဆက်ပြီဖြစ်ကြောင်း ရေးသားထားခြင်း ဖြစ်သည်။

“တင်းနစ်မှာ ဘဝကို မြုပ်နှံခဲ့ရာမှာ တင်းနစ်က ဘဝတစ်ခု ပြန်ပေးခဲ့တယ်။”ဟု ရှာရာပိုဗာက ရေးသားသည်။

“တင်းနစ်ကို နေ့စဉ်မပြတ် လွမ်းနေတော့မယ်။ ထရိန်နီ ဆင်းခဲ့တာတွေ၊ နေ့စဉ် လည်ပတ်ခဲ့တာတွေကို လွမ်းနေမယ်။ နံနက် အိပ်ရာထတာနဲ့ ဘယ်ဖက်ဖိနပ်ကို ကြိုးအရင်ချည်၊ ပြီးရင် ညာဖက်တစ်ဖက် ချည်လို့ တင်းနစ်ကွင်းထဲ ဝင်လို့ ပထမဆုံး ဘောလုံးကို စရိုက်ခဲ့တာတွေကို လွမ်းရတော့မယ်။”ဟု ရှာရာပိုဗာက ရေးသားသည်။

ထိုပြင် “ကျွန်မရဲ့ အသင်း၊ ကျွန်မရဲ့ နည်းပြတွေကိုလည်း လွမ်းရတော့မယ်။ လေ့ကျင့်ကွင်း ခုံတန်းမှာ အဖေနဲ့အတူ ထိုင်ခဲ့တာတွေရောပေါ့၊ ရှုံးရှုံးနိုင်နိုင် လက်ဆွဲနှုတ်ဆက်ခဲ့တာတွေ၊ ကျွန်မကို အကောင်းဆုံးဆီ တွန်းပို့ပေးတဲ့ ကစားသမားတွေကို လွမ်းနေရပါတော့မယ်။”ဟု ရေးသားခဲ့သည်။

ရှာရာပိုဗာသည် တင်းနစ်လေ့ကျင့်ရေး ပညာတော်သင်ဆု ရရှိပြီး အသက် ၇ နှစ်အရွယ် ၁၉၉၄ ခုနှစ်တွင် အမေရိကန်၊ ဖလော်ရီဒါသို့ ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ် အသက် ၁၇ နှစ်အရွယ်တွင် နံပါတ် ၁ ဆီရီနာဝီလီယံကို အနိုင်ရပြီး ပထမဆုံး ဂရမ်းဆလမ်းဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ၌ တားမြစ်ဆေး ငြိစွန်းသည်ဆိုကာ တင်းနစ်ကစားခွင့် ၁၅ လ ပိတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် ပြန်လည်ကစားသည့်အခါ၌ သူ့၏ အကောင်းဆုံးလက်ရည်ကို ပြန်ရရန် ရုန်းကန်ခဲ့ရသကဲ့သို့ ဒဏ်ရာပြဿနာများပါ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly