တရုတ်နိုင်ငံတွင်းကထက် ပြင်ပမှာ ကိုရိုနာ ဖြစ်ပွားနှုန်း ပိုများလာ

တရုတ်နိုင်ငံတွင်းကထက် ပြင်ပမှာ ကိုရိုနာ ဖြစ်ပွားနှုန်း ပိုများလာ

ဖေဖော်ဝါရီ ၂၆။               ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမှာ အပြောင်းအလဲအဖြစ် တရုတ်နိုင်ငံတွင်းမှာ ကူးစက်ဖြစ်ပွားနှုန်းထက် ပြင်ပမှာ ကူးစက်ဖြစ်ပွားမှုနှုန်းက ကျော်လွန်များပြားလာပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ WHO က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

“မနေ့က ကိုရိုနာ ကူးစက်ခံရသူဦးရေနှုန်းထားဟာ ပထမဆုံးအဖြစ် တရုတ်ပြင်ပမှာ ကူးစက်တဲ့နှုန်းဟာ တရုတ်နိုင်ငံမှာ ကူးစက်ဖြစ်ပွားတဲ့ နှုန်းထက် ကျော်လွန်သွားခဲ့ပါတယ်။”လို့ ဂျီနီဗာမှာ WHO အကြီးအကဲ တီဒရို့စ်အက် ဟန်နွမ်က သံတမန်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့နေ့က ကိုရိုနာ ကူးစက်ခံရသူဦးရေဟာ တရုတ်နိုင်ငံတွင်းမှာ ၄၁၁ ဦး ရှိပြီး တရုတ်ပြင်ပမှာက ၄၂၇ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီ WHO က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ နှုန်းဟာ သီတင်းသုံးပတ်ကျော်ကာလအတွင်း ပထမဆုံးအဖြစ် ကျဆင်းပြီး ၅၂ ဦးသာ ရှိခဲ့တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က ပြောပါ တယ်။

သေဆုံးသူ အားလုံးဟာ ဗိုင်းရပ်စ်စတင်ရာ ဗဟိုချက်ဖြစ်တဲ့ ဟူပေးပြည်နယ်က ဖြစ်ပြီး ဒီကနေ့ ကူးစက်ခံရသူ ၄၀၆ ဦးမှာလည်း ၄၀၁ ဦးက ယင်းပြည်နယ်ကပဲ ဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမှာ တရုတ်ပြီးရင် အဆိုးဆုံးအဖြစ် တောင်ကိုရီးယားနိုင်ငံဟာ ကူးစက်မှု အများဆုံး ဖြစ်နေပါတယ်။ ဒါအပြင် ကိုရိုနာဗိုင်းရပ်စ်က အီတလီကစတင်ပြီး ဥရောပမှာ ကူးစက်ပျံ့နှံ့နေပြီး အမေရိကန်မှာလည်း ကူးစက်မလာသေးပေမယ့် ကူးစက်လာနိုင်တဲ့ ဘေးများတာအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly