ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းမည်
ပုံ- မေရည်ငြိမ်းချမ်း   ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်ကို တွေ့ရစဉ်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၆။               ။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ပါတီအချင်းချင်းကြားက အငြင်းပွားမှုများ ဖြေရှင်းရန် ရန်ကုန် တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မ တီများ ဖွဲ့စည်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

ရန်ကုန်မြို့ Best Western Green Hill Hotel တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အခမ်းအနား၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ဦးကြည်မြင့်က “အကြောင်းကြောင်းကြောင့် နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေ ဖြစ်လာမယ် ဆိုရင် ငြိမ်းချမ်း စွာ ဖြေရှင်းဖို့ စေ့စပ် ညှိနှိုင်းရေးကော်မတီကို ၂၀၁၅ က ဖွဲ့ခဲ့ပါတယ်။ ဖွဲ့ခဲ့လို့လည်း ၂၀၁၅ က ကိစ္စ တော်တော်များများ ပြေလည် ပြီးပြတ်သွားတာပါ။ ၂၀၂၀ မှာလည်း အဲဒီလိုပဲ တကယ်လို့များ အငြင်းပွားမှု တွေ ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်း တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် ဖွဲ့စည်းသွားဖို့ ရှိပါတယ်”ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) မှ တွဲဖက် အထွေထွေအတွင်းရေးမှူး စိုင်းအောင်မြင့် ခိုင်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့တွင် အမှန်တကယ် ဆောင်ရွက်နိုင်ရန်လိုအပ် ကြောင်း ဆိုသည်။

“တကယ်တော့ ညှိနှိုင်းရေး ကော်မတီရဲ့ ရည်ရွယ်ချက်က အရေးယူ ဆောင်ရွက်မယ့်အပိုင်း လျော့နည်း သွား အောင် လုပ်ဖို့လည်း ပါပါတယ်၊ တကယ် လုပ်နိုင်မယ်ဆိုရင် ကောင်းပါတယ်။ ကျွန်တော်တို့ ပါတီတွေကရော ရွေးကောက်ပွဲကော်မရှင်ကရော အသေအချာ ညှိနှိုင်းဆောင်ရွက် နိုင်မယ်ဆိုရင်တော့ အရေးယူရမယ့် အပိုင်း လေးတွေ လျော့သွားမှာ ဖြစ်ပါတယ်။ ဒါလည်း တစ်မျိုးတော့ ကောင်းပါတယ် လုပ်နိုင်ဖို့ပဲ လိုပါတယ်။ ”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဆိုသည်မှာ သက်ဆိုင်ရာ အဆင့်အလိုက် ပါတီအချင်းချင်း၊ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း အငြင်းပွားမှုများ ဖြစ်ပါက ဖြေရှင်းပေးသည့် ကော်မတီဖြစ်ကြောင်း၊ ပါတီ ကိုယ်စားလှယ်များ၊ ရပ်မိ-ရပ်ဖများ၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲ

အဆိုပါ ကော်မတီတွင် ရပ်မိ ရပ်ဖများ၊ ရပ်ကွက်မှ သြဇာတိက္ကမကြီးသူများ စသည့် အလွှာအသီးသီးမှ ပုဂ္ဂိုလ် ၁၆ ဦးဝန်းကျင် ပါဝင်ကြပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလက စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီသည် ပါတီ အချင်းချင်း၊ ကိုယ်စားလှယ်လောင်း အချင်း ချင်း ရွေးကောက်ပွဲ ကာလအတွင်း အငြင်းပွားမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာပါက အောက်ခြေတွင် ပြေလည် အောင် ရွေးကောက်ပွဲခုံရုံးသို့ ညှိနှိုင်းပေးရသည့် ကော်မတီဖြစ်ပြီး ရွေးကောက်ပွဲကာလ မဲရေတွက်ရာတွင်လည်း ဤကော်မတီမှ အဖွဲ့ဝင်များ ပါဝင်ကြောင်း ဦးကြည်မြင့်က ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလမတိုင်ခင်ကလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့်တွင် စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲ တွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာချိန်တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ Best Western Green Hill Hotel တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်း ဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သလို နိုင်ငံရေးပါတီများနှင့် ပတ်သက်သော တည်ဆဲ ညွှန်ကြားချက်များ ကို ထုတ်နုတ်ရှင်းလင်းပြခဲ့သည်။

ထို့နောက် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ကြိုတင် မဲပေးခြင်းနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly