နယူးဒေလီပဋိပက္ခ လူ ၂၀ ဦးထက်မနည်း သေဆုံး

နယူးဒေလီပဋိပက္ခ လူ ၂၀ ဦးထက်မနည်း သေဆုံး

နယူးဒေလီ၊  ဖေဖော်ဝါရီ ၂၆။           ။ အိန္ဒိယနိုင်ငံနယူးဒေလီမှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို ထောက်ခံသူနဲ့ ဆန့်ကျင်သူအကြား အချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ ပစ်ခတ်မှုတွေလည်းရှိခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၁၈၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Guru Teg Bahadur ဆေးရုံဒါရိုက်တာဖြစ်သူ Sunil Kumar က ဖေဖော်ဝါရီ ၂၆ ရက်မှာပြောပါတယ်။

လူ ၆၀ လောက်က သေနတ်ဒဏ်ရာတွေရထားတယ်လို Sunil Kumar က ဆိုပါတယ်။

တနင်္ဂနွေနေ့က အငြင်းပွားဖွယ်နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်ဆန္ဒပြသူ အနည်းငယ်သာရှိခဲ့ပေမယ့် တနင်္လာနေ့မှာတော့ ဟိန္ဒူနဲ့မွတ်စလင်ရန်ပွဲအကြား ကျောက်တုံးကျောက်ခဲ၊ ဓားနဲ့ သေနတ်တွေကိုပါ သုံးလာကာ အဓိကရုဏ်းအသွင် ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

လူစုလူဝေးမလုပ်ဖို့ ရဲတွေက သတိပေးတားမြစ်ထားပေမယ့် ဆန္ဒပြသူတွေဟာ အဆောက်အုံနဲ့ ကားတွေကို မီးရှို့ခြင်း၊ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခြင်းတွေလုပ်ကာ အကြမ်းဖက်မှုများ ဆက်လက်ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

လူနှစ်ရာလောက် ဒဏ်ရာရရှိတဲ့အထဲမှာ လေးပုံတစ်ပုံလောက်က ရဲတွေဖြစ်တယ်လို့ Press Trust of India (PTI) သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိန္ဒိယကို တရားဝင်ခရီးစဉ်ရောက်ရှိစဉ် အခုလို အဓိကရုဏ်းဖြစ်ပွားမှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly