ဆီးရီးယားမှာ အစိုးရတပ်တွေ ဗုံးကြဲလို့ အရပ်သား ၁၉ ဦး သေဆုံး

ဆီးရီးယားမှာ အစိုးရတပ်တွေ ဗုံးကြဲလို့ အရပ်သား ၁၉ ဦး သေဆုံး

ဖေဖော်ဝါရီ ၂၆ ။               ။ ဆီးရီးယား အနောက်မြောက်ပိုင်း အီဒလစ်မြို့မှာ အစိုးရတပ်တွေဟာ အင်္ဂါနေ့က လေကြောင်းတိုက်ခိုက်ပြီး လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် စာသင်ကျောင်း အပါအဝင် အရပ်သားပစ်မှတ် တွေ ထိမှန်ရာမှာ အရပ်သား ၁၉ ဦး သေဆုံးကြောင်း စစ်ရေးစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ပြောပါတယ်။

အီဒလစ်မြို့နဲ့ ဘင်နစ်ရယ်၊ မာရတ်မီစရင်မြို့တွေရယ်ကို လေကြောင်းစီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေမှာ ကလေးရှစ်ဦး ပါဝင်တယ်လို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

သူပုန်နဲ့ ဂျီဟတ်တွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ အီဒလစ်ပြည်နယ်ရဲ့ အီဒလစ်မြို့တော်က တိုက်ခိုက်မှုများ စာသင်ကျောင်းတစ်ကျောင်း ထိမှန်ခဲ့တယ်လို့ ယင်းစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

တူရကီနယ်စပ်ကို သွားရာလမ်းမှာရှိတဲ့ မာရတ်မီစရင်မြို့ကို တိုက်ခိုက်မှုမှာ ကလေးခြောက်ဦးအပါအဝင် အရပ်သား ဆယ်ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ယင်းအဖွဲ့က ပြောပါတယ်။

“အီဒလစ်မြို့မှာ တိုက်ခိုက်မှုကြောင့် ခြောက်ဦး သေဆုံးရာမှာ ကျောင်းသားလေးတစ်ဦိးနဲ့ ဆရာ၊ ဆရာမ သုံးဦးပါ ပါခဲ့တယ်။”လို့ ဗြိတိန်အခြေစိုက် ယင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ရာမီရက်မန်းက ဆိုပါတယ်။

အီဒလစ်မြို့ရဲ့ အရှေ့မြောက်ဖက်မှာ ရှိတဲ့ ဘင်နစ်မြို့ကို တိုက်ခိုက်မှုမှာတော့ ကလေးတစ်ဦးအပါအဝင် နောက်ထပ် သုံးဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေကို မတိုက်ခိုက်ဖို့ Save The Children အဖွဲ့က တိုက်တွန်းတောင်းဆိုပါတယ်။

“စာသင်ကျောင်းတွေကတော့ ကလေးတွေအတွက် ဘေးကင်းရာနေရာဖြစ်ရလိမ့်မယ်။ ပဋိပက္ခဇုန်ထဲက စာသင်ကျောင်းပဲ ဆိုပါစေ ကလေးတွေအတွက် ဘေးကင်းရပါမယ်။”လို့ ယင်းအဖွဲ့ရဲ့ ဆီးရီးယားဆိုင်ရာညွှန်ကြားရေးမှူး ဆိုနီယာကက်ရှ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly