ကနေရီကျွန်းစုရှိ ကမ္ဘာလှည့်ခရီးသည်များအား ကိုရိုနာအန္တရာယ်ကြောင့် အသွားအလာကန့်သတ်ထား

ကနေရီကျွန်းစုရှိ ကမ္ဘာလှည့်ခရီးသည်များအား ကိုရိုနာအန္တရာယ်ကြောင့် အသွားအလာကန့်သတ်ထား

ဖေဖော်ဝါရီ ၂၆ ။                  ။ စပိန်နိုင်ငံ ကနေရီကျွန်းစုတွေထဲက တန်နယ်ရီဖေးကျွန်းရှိ ဟိုတယ်တစ်ခုမှာ (Covid – 19) ဗိုင်းရပ်စ် သံသယရှိတဲ့ အီတလီနိုင်ငံသားတစ်ဦးကို ဆေးရုံတင်လိုက်ရပြီးတဲ့နောက် ဟိုတယ်မှာ တည်းနေကြတဲ့ ကမ္ဘာလှည့်ခရီးသည် ရာနဲ့ချီကို အသွားအလာကန့်သတ်လိုက်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဧည့်သည်ပေါင်းများစွာကို ကျန်မာရေးအခြေအနေစောင့်ကြည့်နေပေမယ့် ရောဂါခြေချုပ်နဲ့တော့ မထားသေးဘူးလို့ ကျန်းမာရေးအာဏာပိုင်က AFP ကိုပြောပါတယ်။

ကိုရိုနာကူးစက်ခံရတဲ့ အဆိုပါကမ္ဘာလှည့်ခရီးသည် အီတလီနိုင်ငံသားကို သီးသန့်ထားရှိထားပြီး လုပ်ထုံးလုပ်နည်းအရ ဆေးစစ်ချက်ကို မက်ဒရစ်မှာ ဒုတိယအကြိမ်ထပ်မံစစ်ဆေးလျက်ရှိပါတယ်။

ဆေးစစ်ချက်ရလဒ်ပေါ်မူတည်ပြီး လိုအပ်သလိုဆောင်ရွက်သွားမယ်လို့ စပိန်အစိုးရပြောရေးဆိုခွင့်ရှိသူ မာရီယာဟဲဆိုးမွန်တဲရိုးက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ရောဂါကူးစက်ခံရတဲ့ကမ္ဘာလှည့်ခရီးသည်ဟာ အီတလီမြောက်ပိုင်း လွန်ဘာဒီပြည်နယ်က ဆရာဝန်တစ်ဦးဖြစ်ပြီး အဲဒီမှာလည်း ကိုရိုနာကြောင့် လူအတော်များများသေဆုံးခဲ့ပြီလို့ သိရပါတယ်။

သူတို့ ဇနီးမောင်နှံဟာ တန်နယ်ရီဖေးကျွန်းက ကြယ်လေးပွင့်အဆင့်ရှိ H10 ကိုစတာအာဒဲဟယ် ဟိုတယ်မှာ တည်းခိုခဲ့ကြတာဖြစ်ပြီး အခုအခါ နှစ်ဦးစလုံးကို ဆေးရုံတင်ထားပါတယ်။

ကာနီဗယ်ပွဲတော်လည်းရှိနေတဲ့အတွက် ကနေရီကျွန်းစုတွေမှာ ကမ္ဘာ့လှည့်ခရီးသည်တွေနဲ့ ပြည့်နှက်နေချိန်ဖြစ်ပါတယ်။

စပိန်နိုင်ငံဟာ ပြင်သစ်ပြီးရင် ဒုတိယမြောက် ကမ္ဘာလှည့်ခရီးသည်အများဆုံးလာရောက်ရာနိုင်ငံဖြစ်ပြီး ခရီးသွားလုပ်ငန်းက ပြည်တွင်းစီးပွားရေးအတွက် အရေးပါလှကာ တိုင်းပြည် GDP ရဲ့ ၁၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။

စပိန်နိုင်ငံမှာ ကိုရိုနာကြောင့် လူ ၇ ဦးသေဆုံးစေခဲ့ပြီး ဥရောပမှာ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ဖေဖော်ဝါရီ ၂၆ ရက်အထိ သေဆုံးသူ ၂၇၀၀ ကျော်နဲ့  ကူးစက်ခံရသူ ၈၀၀၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly