အီဂျစ်သမ္မတဟောင်း မူဘာရတ် အသက် ၉၁ နှစ်တွင် ကွယ်လွန်

အီဂျစ်သမ္မတဟောင်း မူဘာရတ် အသက် ၉၁ နှစ်တွင် ကွယ်လွန်

ဖေဖော်ဝါရီ ၂၅။             ။ အီဂျစ်နိုင်ငံအား ကာလရှည် အုပ်ချုပ်ခဲ့သည့် သမ္မတဟောင်း ဟိုစနီမူဘာရတ်သည် အသက် ၉၁ နှစ်အရွယ်၌ ကိုင်ရိုရှိ ဂါလားစစ်ဆေးရုံတွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ကွယ်လွန်ကြောင်း ၎င်း၏ ယောက် ဖဖြစ်သူ မွန်နီယာသာဘတ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

မူဘာရတ်၏ မိသားစုသည် ဆေးရုံတွင် ရှိနေသေးဆဲဖြစ်ပြီး အီဂျစ်သမ္မတရုံးက နာရေးကို စီစဉ်ပေးမည်ဖြစ်ကြောင်း ယခင် စစ်တပ်အဆင့်မြင့် အရာရှိကြီးတစ်ဦးဖြစ်ခဲ့သူ သာဘတ်က ဆိုသည်။

မူဘာရတ်သည် ၁၉၈၁ ခုနှစ်မှ စတင်ကာ အာဏာရရှိခဲ့ပြီး ဆယ်စုနှစ် သုံးခုနီးပါး အီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့ရာ ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးတွင် ဖြုတ်ချခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း ပေါ်ပေါက်သော ဆန္ဒပြပွဲများ ၁၈ ရက်မြောက်နေ့ ၂၀၁၁ ဖေဖော်ဝါရီ ၁၁ ရက်တွင် ၎င်းအား အတင်းအကျပ် အနားပေးလိုက်ရခြင်း ဖြစ်သည်။

၎င်း အာဏာရချိန်တွင် မူဘာရတ်သည် အမေရိကန်၏ အားထားရသော မဟာမိတ်ဖြစ်ကာ အစ္စလာမ္မစ်စစ်သွေးကြွမှုများကို ဆန့်ကျင်ပြီး အစ္စရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly