အရှေ့တီမော ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

အရှေ့တီမော ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

ဖေဖော်ဝါရီ ၂၅ ။               ။ အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် Taur Matan Ruak က ရာထူးမှ နုတ်ထွက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်မှာ ကြေညာသွားခဲ့ပါတယ်။

ဒါဟာ ၎င်းကို ထောက်ခံတဲ့ နိုင်ငံရေး ညွန့်ပေါင်းအုပ်စု ပြိုလဲသွားပြီးနောက် ခုလို ရာထူးနုတ်ထွက်ကြောင်းကို Mr Taur က ထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။

ခုလို ဝန်ကြီးချုပ် Taur Matan Ruak ရဲ့ ရာထူးနုတ်ထွက်မှုနဲ့အတူ အရှေ့တောင်အာရှဒေသမှာ ရှိတဲ့ နိုင်ငံသေးလေးအတွက် နောက်ထပ် မတည်မငြိမ်မှုတွေနဲ့ ကြုံတွေ့စေဖို့ အကြောင်းဖန်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံရေးအရ ချောင်ပိတ်မိနေတဲ့ အခြေအနေတစ်ခုကြောင့် ၎င်းရဲ့ ရာထူးနုတ်ထွက်စာကို သမ္မတ Francisco Guterres ထံ တင်ပြလိုက်ခြင်းဖြစ်ကြောင်း Mr Taur က ပြောသွားပါတယ်။

၎င်းရဲ့ ရာထူးနုတ်ထွက်လွှာကို သမ္မတ လက်မခံခင်အချိန်အထိတော့ ဝန်ကြီးချုပ်ရုံးမှာ လက်ရှိတာဝန်တွေကို ဆက်ယူပေးထားမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသွားပါတယ်။

Mr Taur ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လကမှ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုထားခဲ့သူလည်း ဖြစ်ပါတယ်။ ယင်းကာလမတိုင်မီမှာတော့ အဆိုပါ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံငယ်လေးမှာ ရှည်လျားတဲ့ နိုင်ငံရေးအကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်ထားခဲ့ရပါသေးတယ်။