ဂျပန်လူမျိုး ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား အသက် ၁၁၂ နှစ်၌ ကွယ်လွန်

ဂျပန်လူမျိုး ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား အသက် ၁၁၂ နှစ်၌ ကွယ်လွန်

တိုကျို၊ ဖေဖော်ဝါရီ ၂၅ ။               ။  မကြာသေးမီက ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည့် အသက် ၁၁၂ နှစ်အရွယ် ဂျပန်လူမျိုး ချိတဲဆုဝါတာနာဘေးသည် ဖေဖော်ဝါရီ ၂၃ ရက်က ကွယ်လွန် သွား ပြီဖြစ်သည်။

တိုကျိုမြောက်ပိုင်း နီးဂါတာစီရင်စု၌ ၁၉၀၇ ခုနှစ် မတ်လ ၅ ရက်က မွေးဖွားခဲ့သည့် ဝါတာနာဘေးသည် ၎င်း၏မွေးရပ်မြေ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဂေဟာ၌ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဒေသအာဏာ ပိုင် မျာ က ထုတ်ပြန်ခဲ့သည်။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က ဝါတာနာဘေးအား ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် တရားဝင်ဂုဏ်ပြုခဲ့ပြီးနောက် နှစ်ပတ်အကြာ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကလေး ၅ ယောက်ဖခင်ဖြစ်သည့် ဝါတာနာဘေးသည် ၎င်း အသက်ရှည်ရခြင်း၏လျှို့ဝှက်ချက်မှာ စိတ်ဆိုးဒေါသမဖြစ်ဘဲ မျက်နှာမှာ အမြဲအပြုံးပန်းဆင်နေခြင်းကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။ ဝါတာနာဘေးသည် ကြက်ဉနို့ပေါင်းပူတင်းနှင့်ရေခဲမုန့်ကို နှစ်သက်သူဖြစ်သည်။

Jiji သတင်းဌာန၏အဆိုအရ ယခုအခါ ဂျပန်၌ အသက်အကြီးဆုံးအမျိုးသားမှာ အသက် ၁၁၀ နှစ် ရှိပြီဖြစ်သည့် အီဆာကုတိုမိုအဲဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် စံချိန်တင်နိုင်မည်လားဆိုသည်ကို မသိရသေးပေ။

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးမှာလည်း ဂျပန်လူမျိုး ကာနဲတာနာကာဖြစ်ပြီး အသက် ၁၁၇ နှစ်ရှိပြီဖြစ်သည်။

ဂျပန်နိုင်ငံသည် ကမ္ဘာ့သက်တမ်းအရှည်ဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး အသက်အရှည်ဆုံးလူသား အများအပြားနေထိုင်သည့်နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly