“ ငြိမ်းချမ်းရေး”ပြောနေရုံဖြင့် ပြည်တွင်းစစ်မီး ငြိမ်းမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

“ ငြိမ်းချမ်းရေး”ပြောနေရုံဖြင့် ပြည်တွင်းစစ်မီး ငြိမ်းမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ပုံ- မြဝတီ (NLD)

ရန်ကုန်၊ ဖေဖော်ဝါရိ ၂၅ ။                 ။ စိတ်ထဲက အမှန်တကယ် ငြိမ်းချမ်းရေးမလိုချင်ဘဲ “ငြိမ်းချမ်းရေး” ဟု ပြောနေရုံဖြင့် ပြည်တွင်းစစ်မီး ငြိမ်းမည်မဟုတ်ဘူးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သော လူထုတွေ့ဆုံပွဲ အဖွင့်မိန့်ခွန်း ပြောစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အထက်ပါအတိုင်း ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

“ စိတ်ထဲက တကယ် ငြိမ်းချမ်း‌ရေး မလိုချင်ဘဲနဲ့ ပါးစပ်ကတော့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ ပြောပြီးတော့ စိတ်ထဲက တော့ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ လုပ်မယ်ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဟာ ကြာလာလိမ့်မယ်။ ကြာလည်း ကြာခဲ့ပါပြီ”ဟု ၎င်းက ပြောသည်။

တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်မှာ ငြိမ်းချမ်းရေးကဏ္ဍသည် အဓိကကျသည့် နေရာတွင် ပါဝင်နေ၍ ငြိမ်းချမ်းရေး ရရန် ဝိုင်းဝန်း ဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “ ငြိမ်းချမ်းရေး ရဖို့ဆိုတာ ကျွန်မ ထပ်တလဲလဲ ပြောပါတယ်။ စိတ်အတွင်းက စရမယ့်ကိစ္စပါ။ စိတ်ထဲက တကယ်ကို ငြိမ်းချမ်းရေးလိုချင်မှ ကျွန်မတို့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ”ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရစဉ်အခါတည်းက ပြည်တွင်းစစ်မီးများ လုံးလုံးငြိမ်းသည်ဆိုသောအချိန် မရှိခဲ့ သည်မှာ ၇၃ နှစ် ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ၇၃ နှစ်အတွင်း ပြည်သူလူထုအနေဖြင့် ဖြစ်သလိုရုန်းကန် ရှင်သန် နေကြရသည်ဖြစ်၍ ငြိမ်းချမ်းရေးရနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ပေးကြရန် အတိုင်ပင်ခံက မေတ္တာရပ်ခံ တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးပြဿနာဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနေခြင်းသာ ဖြစ်ကြောင်း၊  ထိုကဲ့သို့ ဖြစ်ပွားရခြင်းကလည်း ၁၉၇၄ ခုနှစ် ပင်လုံစာချုပ်အရ ဖက်ဒရယ်နှင့်ပက်သက်၍ ပြည်နယ်များ သို့ အာဏာ ခွဲဝေမှုကြောင့် ဖြစ်ပွားရခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်သည်။

“လက်ရှိအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးပြဿနာလို့ပြောရင် ဖက်ဒရယ်ပြဿနာ၊ အာဏာ ခွဲဝေရေး ပြဿနာပဲ ဖြစ်ပါတယ်။ အဲ့ဒီ ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ငြိမ်း ချမ်းရေး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ် ပင်လုံမြို့၊ ချင်းပြည်နယ် ထန်တလန်မြို့၊ တွန်းဇံမြို့နှင့် ကရင်ပြည်နယ်တို့ကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲများပြု  လုပ်နေခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့များသို့ သွားရောက်ကာ လူထု တွေ့ဆုံ ပွဲများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly