ရက်ပေါင်း ၉၀ ကျော် နေထိုင်ရုံဖြင့် မဲပေးခွင့်ပြုသည့်အပေါ် နိုင်ငံရေးပါတီ ၁၄ ပါတီ ကန့်ကွက်

By မေရည်ငြိမ်းချမ်း
25 February 2020
ရက်ပေါင်း ၉၀ ကျော် နေထိုင်ရုံဖြင့် မဲပေးခွင့်ပြုသည့်အပေါ် နိုင်ငံရေးပါတီ ၁၄ ပါတီ ကန့်ကွက်
ပုံ - ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနေသော ပြည်သူတစ်ဦးအား တွေ့ရစဉ်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၅ ။                 ။ ပြည်သူ့လွှတ်တော်က မဲခွဲအတည်ပြုခဲ့သည့် ရောက်ရှိရာ ဒေသတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ပြုသည့်အပေါ်  ပဉ္စမအကြိမ်ပြင်ဆင်သော ရွေးကောက်ပွဲနည်းဥပဒေပါ နည်း ဥ ပဒေ ၁၀ တွင် ပါရှိသည့် အချက်ကို နိုင်ငံရေးပါတီများက ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ကန့်ကွက်ရခြင်းက လူနည်းစု တိုင်းရင်းသား ဒေသခံများ နစ်နာနိုင်ခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ အပါအဝင် တိုင်း ရင်းသား ၁၄ ပါတီက ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန် ကန့်ကွက် ခြင်းဖြစ်သည်။

နေရာဒေသတစ်ခုတွင် ရက်ပေါင်း ၉၀ ကျော် နေထိုင်ရုံဖြင့် ထိုဒေသ၏ ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ခွင့် ရရှိခြင်းသည် မူရင်း ဒေသခံများ၏ ဆန္ဒသဘောထားကို ထိခိုက်စေသကဲ့သို့ ဝင်ရောက်စွက်ဖက်ခွင့် ပေးလိုက်သလို ဖြစ်နေကြောင်း ALD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။

“အဲဒါက တိုင်းရင်းသားနယ်မြေဗျ။ တချို့ တိုင်းရင်းသား နယ်မြေတွေဆိုတာ လူဦးရေ နည်းပါးတယ်ဗျ။ နည်းနည်းလေးပဲ ရှိတယ်။ အဲဒီနေရာတွေမှာ တခြားမဲဝယ်တာတို့၊ ဘာတို့ မဖြစ်အောင်၊ မသမာမှုတွေ ဖြစ်တတ်တယ်။ ရက်ပေါင်း ၉၀ ဆိုတဲ့ ဟာက အချိန်ကာလအားဖြင့် အင်မတန် တိုတောင်းတယ်။ လွှတ်တော်နိုင်ငံရေးကလည်း အရေးပါလာတယ်၊ မသမာမှုတွေ မဖြစ်အောင်ရယ် တိုင်းရင်းသားတွေရဲ့ မူလ အခွင့်အရေးကို ကာကွယ် နိုင် အောင်ရယ် အန်ကယ်တို့က ဒီစာကို ထုတ်တာပါ”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပ ဒေများတွင် ပါရှိသော ပြင်ဆင်ချက်များအနက် နည်းဥပဒေ ၁၀ ၌ ပါရှိသော “အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်က မဲခွဲ အတည်ပြုခဲ့သည်။

အဆိုပါ ပြင်ဆင်ချက်အရ မဲဆန္ဒနယ်ပြင်ပရောက် တခြား မဲဆန္ဒရှင်များ (ရွေ့ပြောင်း နေထိုင်သူများ၊ ပြောင်းရွေ့ လုပ်သား များ) အနေဖြင့် ၎င်းတို့ ရောက်ရှိနေသည့် ဒေသတွင် ရက်ပေါင်း ၉၀ ကျော် ရောက်ရှိနေထိုင်ရုံဖြင့် ရောက်ရှိနေသော မဲဆန္ဒ နယ်၌ ဆန္ဒပြုခွင့်(မဲပေးခွင့်) ရရှိမည်ဟူသော နည်းဥပဒေပြင်ဆင်ချက်သည် မဲပေးပိုင်ခွင့်များ မဆုံးရှုံးစေရန်ဟု အကြောင်း ပြ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွေ့ပြောင်း နေထိုင်သူများ၊ ပြောင်းရွေ့ လုပ်သားများသည် တိုင်းဒေသကြီးများမှ ပြည်နယ်များသို့ ပြောင်းရွေ့ လုပ်ကိုင် သူက အများစုဖြစ်ပြီး မဲဆန္ဒရှင် အမည်စာရင်း ကောက်ယူ ပြုစုရာတွင် အိမ်ထောင်စု စာရင်းအပေါ် အခြေ ခံ ကောက်ယူ နေကြောင်း သိရှိရသည်ဟု နိုင်ငံရေးပါတီ ၁၄ ပါတီ၏ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မဲဆန္ဒနယ်၌ အိမ်ထောင်စု စာရင်း မရှိသူများအား မဲစာရင်းတွင် ထည့်သွင်းရန် ထိုဒေသတွင် ရက်ပေါင်း ၉၀ ကျော် နေထိုင်ကြောင်းကို မည့်သည့်အချက်ဖြင့် အခိုင်အမာ အတည်ပြုမည်ဆိုသည့် အချက်သည် ဖွယ် ဖြစ်ကြောင်း ထောက်ပြထားသည်။

မဲစာရင်း ပြုစုရာတွင်လည်း အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာနိုင်ပြီး လုပ်ပိုင်ခွင့် ရှိသူများအနေဖြင့် ဘက်လိုက်မှုများ ရှိလာ နိုင်သည်ဟု ALD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
“ကျွန်တော်တို့ ပြည်ထောင်စုက တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းတဲ့ ပြည်ထောင်စုလေ။ ကြားနေရတာက တိုင်းရင်းသားတွေ ကို ဦးစားပေးမယ်၊ ညှိနှိုင်းမယ်ဆိုပြီး လက်တွေ့ တွေ့ရတာ အကောင်အထည် ဖော်နေတာက ကျွန်တော်တို့တွေရဲ့ အကျိုး စီးပွားနဲ့ ကင်းကွာနေတယ်။ ဒီဟာကိုတော့ ပြုပြင်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်း သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နှစ်ပိုင်းခွဲကြည့်ရန် လိုကြောင်း၊ တစ်ပိုင်းက ရက်ပေါင်း ၉၀ ပြောင်းလဲသည့် ပြင်ဆင် ချက် သည် မဲပေးမှု နည်း ပါးသော ဒေသတွင် သုံးလလောက်သာ နေထိုင်သည့် ရွေ့ပြောင်းလုပ်သားများကို မဲပေးခွင့်ပြုခြင်းသည် တိုင်းရင်းသား များကို ထိခိုက်နစ်နာစေကြောင်း ပြောသည်။

“အဲဒီလိုမဲပေးမှု နည်းနေတဲ့ အချိန်မှာ အဓိကက ရွေ့ပြောင်း အလုပ်သမားက အများကြီး ရောက်လာတဲ့ အချိန်ကြတော့ သူတို့ကို မဲပေးခွင့် ပေးလိုက်မယ်ဆိုရင် ရွေ့ပြောင်း အလုပ်သမား ထုံးစံအတိုင်း သူတို့ အလုပ်ပြီးရင် ပြန်မှာကိုး။ ကိုယ်စား လှယ် ရွေးချယ်ခွင့်နဲ့ပတ်သက်လို့ သူတို့က မဲပေးပြီးရင် ပြန်မှာကိုး။ ပြန်မှာဆိုတော့ ရွေ့ပြောင်း လုပ်သားက အရမ်းများ ပြီးတော့ ဒေသခံမဲ ဆန္ဒရှင်က အရမ်းနည်းနေရင် မသင့်တော်ဘူး။ လူနည်းစုအပေါ်မှာ Minority ပေါ်မှာ အနိုင်ကျင့်သလို ဖြစ်သွားတယ်လို့ ယူဆတယ်။ ဒါကို ကျွန်တော်တို့ မိတ်ဘက်တွေက ဒါက ဟုတ်တယ်။ ကန့်ကွက်တာပါ” ဟု ၎င်းက ဆို သည်။

မူလနည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက် မနည်းဆိုသည့် ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအားလုံးတွင် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်ခဲ့ခြင်း မရှိသည့် အ တွက် ပြင်ဆင်ရန် မလိုအပ်ကြောင်း နိုင်ငံရေးပါတီ ၁၄ ပါတီက ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ကာ ထောက်ပြထားသည်။

ထို့နောက် နိုင်ငံခြားတွင် နေထိုင်သူများပါ မဲပေးနိုင်သည့်စနစ် ထားရှိခြင်းကြောင့် မဲပေးခွင့် ဆုံးရှုံးနိုင်စရာ မရှိသလို တစ်စုံ တစ်ယောက် အသာရနိုင်သည့် ပြင်ဆင်ချက်မျိုး မဖြစ်သင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။

 အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)မှ တာဝန်ရှိသူကို ဖုန်းဆက် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။
အထက်ပါ နိုင်ငံရေးပါတီ ၁၄ ပါတီမှာ SNLD ၊ ALD ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်း အမျိုးသားပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ တို့ ဖြစ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly