ကိုရီးယားနိုင်ငံသူတစ်ဦး မြန်မာနိုင်ငံမှ ပြန်သွားပြီး ရက်ပိုင်းအတွင်း ကိုရိုနာရှိနေကြောင်းသိရသောကြောင့် အနီးကပ်ထိတွေ့ခဲ့သူများကို စောင့်ကြည့်နေ

ကိုရီးယားနိုင်ငံသူတစ်ဦး မြန်မာနိုင်ငံမှ ပြန်သွားပြီး ရက်ပိုင်းအတွင်း ကိုရိုနာရှိနေကြောင်းသိရသောကြောင့် အနီးကပ်ထိတွေ့ခဲ့သူများကို စောင့်ကြည့်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ။                 ။ အသက် ၃၄ နှစ်အရွယ် ကိုရီးယားနိုင်ငံသူတစ်ဦးသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ရန်ကုန်မြို့ကို အလည်လာရောက်ခဲ့ရာ မြန်မာနိုင်ငံမှ ပြန်သွားပြီး ခြောက်ရက် အကြာ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကိုရီးယားနိုင်ငံက ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရကြောင်း အတည်ပြုထားပြီး စောင့်ကြည့်ကုသမှု ခံယူလျှက်ရှိသည်။

သတင်းရရှိသည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနြေဖင့် အဆိုပါကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ကိုရီးယားအမျိုးသမီး မြန်မာနိုင်ငံအတွင်း ရှိစဉ်က အနီးကပ် ထိတွေ့ နေထိုင်ခဲ့သူ ၇ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၁၅ ဦး၊ စုစုပေါင်း ၂၂ ဦးကို စုံစမ်းရှာဖွေပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အားလုံးကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း၊ လတ်တလောအားဖြင့် COVID-19 ရောဂါ သံသယလက္ခဏာများ ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

COVID-19 ရောဂါဖြစ်နေသူ ကိုရီးယားအမျိုးသမီးနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ မိသားစုဝင်များကို နေအိမ်တွင် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းများ ပြုလုပ်ပြီး ၎င်းတို့နောက်ဆုံးတွေ့ခဲ့သည့် ရက်မှ ၁၄ ရက်ကြာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လူစုလူဝေးနေရာများတွင် COVID-19 ရောဂါရှိသူ(သို့မဟုတ်) ရောဂါရှိနေပြီး ရောဂါလက္ခဏာမပြသေးသူတစ်ဦးတစ်ယောက်ထံမှ လူအများသို့ ရောဂါကူးစက်နိုင်သောကြောင့် ပြည်သူများအနေဖြင့် လူစုလူဝေးပွဲလမ်း သဘင် များကို ရှောင်ကြဉ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါဖြစ်ပွားသူမရှိသေးသော်လည်း ရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင်နက်တည်းတွေ့ရှိလာနိုင်ပြီး ပြည်သူများအကြား ရောဂါကူးစက်ဖြစ်ပွားနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၄ ရက်၊ ညနေအထိ  သက်ဆိုင်ရာပြည်နယ်နှင့်တိုင်း ဆေးရုံများတွင်ဓာတ်ခွဲအတည်ပြုချက်အရCOVID-19 ရောဂါပိုးမရှိသော်လည်း ဆေးရုံသတ်မှတ်ချက်အရ စောင့်ကြည့်လူနာ (၄) ဦးကို ၄၈ နာရီ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly