ရာထူး နုတ်ထွက်စာတင်ခဲ့သော မဟာသီယာ မလေးရှားယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူမည်

By AFP/ CNA
25 February 2020
ရာထူး နုတ်ထွက်စာတင်ခဲ့သော မဟာသီယာ မလေးရှားယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူမည်

ဖေဖော်ဝါရီ ၂၅ ။               ။ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဟာ ၎င်းရဲ့ ရာထူးမှ နုတ်ထွက်စာကို ဖေဖော်ဝါရီ ၂၄ ရက်မှာ တင်ခဲ့ပြီးနောက် ဒီနုတ်ထွက်စာကို မလေးရှား ဘုရင် အဗ္ဘဒူလာ ရီရာယာတူဒင် အယ်လ် မူစတာဖာ ဘီလာ ရှားဟ် က လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း နိုင်ငံမှာ ဝန်ကြီးချုပ်သစ်တစ်ယောက် မခန့်အပ်နိုင်သေးခင်အချိန်အထိ ဒေါက်တာ မဟာသီယာပဲ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဖို့ မလေးရှားဘုရင်က တာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မလေးရှား ဖက်ဒရယ် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ဝန်ကြီးချုပ်သစ် နဲ့ အစိုးရအဖွဲ့သစ် မခန့်အပ်နိုင်ခင် မဟာသီယာကပဲ ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာဖြစ်ကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူး Mohd Zuki Ali က ထုတ်ပြန်ပြောကြားသွားပါတယ်။

လက်ရှိအချိန်မှာတော့ မဟာသီယာ နုတ်ထွက်စာတင်မှုနဲ့အတူ မလေးရှားနိုင်ငံရေးကတော့ မတည်မငြိမ် အခြေအနေတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။

ဒါဟာ ၎င်းရဲ့ အာဏာရညွန့်ပေါင်းအုပ်စု (Pakatan Harapan-PH) အတွင်းမှာ လများစွာအတွင်း တင်းမာမှုတွေ မြင့်တက်ခဲ့ပြီးနောက် ခုလို နုတ်ထွက်မှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မဟာသီယာအနေနဲ့ ၎င်းရဲ့ နေရာဆက်ခံမယ့်သူအဖြစ် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် အန်ဝါ အီဘရာဟင်ကို ရာထူးလွှဲပေးမယ်လို့ ကတိပြုထားပေမယ့် ယင်းကတိကို အကောင်အထည်ဖော်ဖို့ တုံ့ဆိုင်းနေမှုနဲ့အတူ တင်းမာမှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ယခုလို မဟာသီယာ နုတ်ထွက်စာ မတင်ခင်မှာလည်း အန်ဝါ အီဘရာဟင် ကို ဖယ်ထုတ်ပြီး ညွန့်ပေါင်းအစိုးရသစ်တစ်ရပ် ဖွဲ့ဖို့ စီစဉ်နေပြီဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

လက်ရှိမလေးရှား ညွန့်ပေါင်းပါတီအုပ်စု Pakatan Harapan (PH) ကို ပြိုကွဲအောင် ညွန့်ပေါင်းအုပ်စုဝင် ပါတနာတွေဘက်က သစ္စာဖောက်မှုတွေ ရှိနေပြီလို့ PKR (Parti Keadilan Pakyat) ပါတီဥက္ကဌဖြစ်တဲ့ အီဘရာဟင်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

ယခု မဟာသီယာ နုတ်ထွက်စာတင်ခြင်းနဲ့အတူ တချိန်တည်းမှာလည်းပဲ ၎င်းဟာ Bersatu ပါတီရဲ့ ဥက္ကဌနေရာကနေပါ နုတ်ထွက်သွားခဲ့ပါတယ်။

ဒါ့အပြင် မဟာသီယာကို ထောက်ခံတဲ့အနေနဲ့ Bersatu ပါတီကလည်း PH အုပ်စုကနေ နုတ်ထွက်ကြောင်း ကြေညာသွားခဲ့ပါတယ်။

ဒါ့အပြင် PKR မှ ပါလီမန်အမတ် ၁၁ ဦးကလည်း ပါတီနဲ့ PH ကနေ ထွက်ခွာကြောင်း၊ ပါလီမန်မှာ သီးခြားအစုအဖွဲ့တစ်ခုထူထောင်မှာြဖစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

ဒီလိုမျိုး လုပ်ရပ်တွေကတော့ ကာလကြာ ကတိပြုထားတဲ့ မစ္စတာ အန်ဝါကို ဝန်ကြီးချုပ်သစ်အဖြစ် လွှဲပေးမယ့် ကိစ္စကို ပိတ်ဆို့ဖို့ အားထုတ်မှုတွေအဖြစ် ရှုမြင်ခံနေရလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly