FPNCC နှင့် ဆွေးနွေး သဘောတူညီမှု ရမှသာ NCA ထိုးမည်ဟု SSPP ပြော

By စိုင်းဦး
24 February 2020
FPNCC နှင့် ဆွေးနွေး သဘောတူညီမှု ရမှသာ NCA ထိုးမည်ဟု SSPP ပြော
ပုံ - SSPP info

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄။           ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို မဟာမိတ်အဖွဲ့ဝင်များပါဝင်သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC)အတွင်းမှာ  ဆွေး နွေး သဘောတူညီမှု ရမှသာ လက်မှတ်ရေးထိုးမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဖုန်းဟန်  မဇ္ဈိမသို့ ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အနေဖြင့်  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းမည်ဆိုသည်မှာ မိမိတို့ အဖွဲ့၏  ရပ်တည်ချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးမှု အဆင်ပြေပါက မိမိတို့အနေဖြင့် ငြင်းဆန်ရန် မရှိကြောင်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆိုသည်။

“အခြေခံအားဖြင့်တော့ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းတာက ပိုအဆင်ပြေတယ်၊ အားလုံးက အိုကေတယ်ဆိုရင် NCA က တလျောက်လုံး ပါခဲ့ပြီးသားဖြစ်တယ်။ ဆွေးနွေးလို့ အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့က ငြင်းဆန်ဖို့ မရှိပါဘူး” ၎င်းက ပြောသည်။

NCA ထိုးရေး/မထိုးရေး ကိစ္စနှင့်ပတ်သက်ပြီး FPNCC အဖွဲ့ဝင်များနှင့် ဆွေးနွေးမှု မပြုလုပ်ရသေး၍ ယတိပြတ် ပြောမရ သေးကြောင်း၊ FPNCC အဖွဲ့ဝင်များနှင့်  အစိုးရကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးရန် ရှိ ကြောင်း ဗိုလ်မှူး စိုင်းဖုန်း ဟန်က ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အားလုံးသဘောတူမှ ဆိုလျှင်မူ NCA လမ်းကြောင်းသို့ လျှောက်လှမ်းရန် ခက်နိုင်ပြီး ကိုယ့်အခြေအနေနှင့်ကိုယ် သီးခြား NCA လမ်းကြောင်းပေါ် လျှောက်နိုင်ကြမည်ဆိုလျှင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေချော့မွေ့လာလိမ့်မည်ဟု ဆိုသည်။

“အားလုံး သဘောတူမှဆိုရင် အတော်ခက်သွားပြီ အထူးသဖြင့် FPNCC ထဲမှာ ပါဝင်တဲ့ AA အဖွဲ့ဆိုလို့ရှိရင် အခု မြောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲ အရှိန်တွေ ပဋိပက္ခတွေ လျော့ကျသွားပေမယ့် သူကတော့ ဒီဖက် မှာ  (ရခိုင်ဘက်မှာ) သီးခြား သူ့အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေက နေ့စဉ်နှင့်အမျှ ကြားနေရပါတယ်။ အဲ့တော့ အဲ့အဖွဲ့ပါဝင်မှ အားလုံး သဘော တူမှ ဆိုလို့ရှိရင်တော့ NCA လမ်းကြောင်းပေါ် FPNCC အနေနဲ့ တက်ဖို့ ခက်ပါတယ် ”ဟု ၎င်းက ပြောသည်။

FPNCC ကို NCA မထိုးရသေးသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA/UWSP)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင့်တပ်(AA)၊ ကိုးကန့်တပ် (MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ အဖွဲ့ဝင်များအနက် UWSA/UWSP ၊ NDAA၊ SSPP တို့သည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် (Bilateral)ကို ပြည်နယ်အဆင့်/ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော်လည်း KIA၊ TNLA၊ AA၊ MNDAA တို့မှာ မူ Bilateral ထိုးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းနေဆဲဖြစ်သည်။

လက်ရှိမှာတော့ အစိုးရသည့်  NCA မထိုးရသေးသည့် FPNCC အဖွဲ့ဝင်များကို တွေ့ဆုံကာ NCA ထိုးလာနိုင်ရေး ဆွေးနွေး မှုများ ပြုလုပ်နေသလို Bilateral မထိုးရသေးသည့် KIA၊ TNLA၊ MNDAA၊ AA တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ် နေသည်။

သို့သော် တစ်စုံတစ်ရာ သဘောတူညီချက်များ မရရှိသေးဘဲ AA နှင့် တပ်မတော်ကြားမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယနေ့ချိန်ထိ တိုက်ပွဲများ ဖြစ်ပွား နေပြီး တိုက်ပွဲရှောင် ပြည်သူ ၁ သိန်းကျော် ရှိနေကြောင်း သိရသည်။

NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကလည်း NCA မထိုးရသေးသည့် အဖွဲ့များ ပါဝင် လက်မှတ်ရေး ထိုးလာနိုင်ရေးအတွက် တစ်ဖက် တစ်လမ်းက ကြားဝင် ဆောင်ပေးမှုများလည်း ရှိနေကြောင်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် တွင် ပါဝင်နေကြသူများထံမှ သိရသည်။

လက်ရှိမှာလည်း NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)မှ ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၁၇-၁၈ ရက်များက တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြရာ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များအား နိုင်ငံရေးဆွေးနွေးမှု မူဘောင်သုံးသပ် အစည်းအဝေးများမှာ တက်ရောက်ခွင့်ပြုရန် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရ သည်။

ထိုအပေါ် ဗိုလ်မှူးစိုင်းဖုန်းဟန်က မိမိတို့ SSPP/SSA အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းမည်ဆိုသော မူရှိသော ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ မည်သည့် နိုင်ငံရေးဆွေးနွေးပွဲမဆို အစိုးရ ဖိတ်ကြား လာပါက တက်ရောက်မည် ဟု ဆိုသည်။

 “ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဘယ်နိုင်ငံရေး ဆွေးနွေးပွဲမဆို ကျွန်တော်တို့ကတော့ တက်ပါတယ်၊ ဖိတ်ခဲ့လိုရှိရင် ပေါ့နော်။ ဒါကတော့ အပြုသဘော ဆောင်တာပေါ့လေ၊ NCA နဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင် အစိုးရနဲ့ တပ် မတော်မှာ ပိုလို့ တာဝန်ရှိတာပေါ့၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ဟာက မူရှိပြီးသားလေ အဲတာကြောင့်မို့ အစိုးရနဲ့ NRPC က ဖိတ်လာရင် ဒါကတော့ ကျွန်တော်တို့ တက်ရမှာပေါ့ ” ဟု ဆိုသည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်(DKBA)၊ ကရင် အမျိုး သား အစည်း အရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC )၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ် သည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည် တိုးတက် ရေးပါတီ (SSPP)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင့်တပ်(AA)၊ ကိုးကန့်တပ် (MNDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ကတော့ NCA ထိုးနိုင်ရေး ညှိနှိုင်းနေဆဲသာ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly