ခုနှစ်နိုင်ငံမှာ ဆက်လက် ယှဉ်ပြိုင်သွားမယ့် ချန်ပီယံဆုရှင်သက်ထားသူဇာ

ခုနှစ်နိုင်ငံမှာ ဆက်လက် ယှဉ်ပြိုင်သွားမယ့် ချန်ပီယံဆုရှင်သက်ထားသူဇာ
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ဖေဖော်ဝါရိ ၂၄။             ။ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာမှ ကင်ညာ၊ ပေါ်တူဂီ၊ ချက်၊ ဆွစ်ဇာလန်၊ ပိုလန်၊ ဖင်လန်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ ကျင်းပမယ့် အင်တာနေရှင်နယ် ကြက်တောင် ပြိုင်ပွဲတွေမှာ လာမယ့် ဧပြီလ ၁၂ ရက်နေ့အထိ သွားရောက် ယှဉ်ပြိုင်မည် ဟု သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စတင်ကျင်းပမည့် ကင်ညာအင်တာနေရှင်နယ် အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်) နံနက်ပိုင်း က ယူဂန်ဒါ လေဆိပ်ကနေ ကင်ညာနိုင်ငံသို့  စတင်ထွက်ခွာ သွားပြီ ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်းဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ကျင်းပခဲ့သည့် အိုလံပစ်ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်နိုင်ရန် လက်ရှိ အချိန်ထိ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ပြည့်မှီနေပေမယ့် အဆင့် မကျသွားအောင် ယခုလို နိုင်ငံတကာ အဆင့်မှီ ကြက်တောင် ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည် ဟု သက်ထားသူဇာ ၏ မိခင်ဖြစ်သူ ဒေါ်ဝင်းပပထွန်း မှပြောသည်။

၎င်းက “အန်တီတို့က ပြိုင်ပွဲတွေ ဆက်မသွားဘဲ ရပ်နေမယ်ဆိုရင် ဒီတိုင်းဘဲ သူများက ကိုယ့်ကို ကျော်သွားမှာ အဲ့ဒီအတွက် ကိုယ်လက်ရှိရောက်နေတဲ့   နေရာကနေမှ အမှတ်တွေဆက်ယူရင်းနဲ့ ကမ္ဘာ့အဆင့်ကို ထပ်မြှင့်မယ် ဒီအိုလံပစ်ကို ဝင်ခွင့်ရထားတဲ့အမှတ်ကို ပြန်မကျအောင် ထိန်းထားတဲ့သဘောပေါ့နော်” ဟု ပြောသည်။

သက်ထားသူဇာ အနေဖြင့် လက်ရှိတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၆၁)နေရာမှာ ရှိနေပြီး အိုလံပစ်ပြိုင်ပွဲဝင်နိုင်ဖို့ ၂၀၁၉ ခုနှစ်က စတင်ကာ ကောက်ယူထားတဲ့ ပြိုင်ပွဲရမှတ် အရေအတွက်အရ အဆင့်သတ်မှတ်ချက် (၂၈) ရရှိထားပြီး ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့သည့် ယူဂန်ဒါ နိုင်ငံ တကာ ကြက်တောင်ပြိုင်ပွဲတွင်လည်း ကမ္ဘာ့အဆင့် (၁၂၃)မှာရှိတဲ့ အိန္ဒိယကစားသမား အာကာရှီကို နှစ်ပွဲတစ်ပွဲ အနိုင်နဲ့ ချန်ပီယံဆုကို သက်ထားသူဇာ ကာကွယ်နိုင်ခဲ့သည်။

သက်ထားသူဇာ အနေဖြင့် ၂၀၁၉ ခုနှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ရရှိထားပြီးသား ဖြစ်ပြီး ယခု ၂၀၂၀ ခုနှစ်၊ဖေဖော်ဝါရီလ ၂၃ ရက်က ပြိုင်ပွဲမှာ ဒုတိယမြောက် ချန်ပီ ယံဆုကို ရရှိခဲ့ကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly