စစ်မှန်သော ဒီမိုကရေစီတည်ထောင်လို၍ လွှတ်တော်တွင်း တပ်မတော်သားများကို လျော့ချရန် ကြိုးပမ်းရခြင်းဟု အတိုင်ပင်ခံပြော

စစ်မှန်သော ဒီမိုကရေစီတည်ထောင်လို၍ လွှတ်တော်တွင်း တပ်မတော်သားများကို လျော့ချရန် ကြိုးပမ်းရခြင်းဟု အတိုင်ပင်ခံပြော
ဓာတ်ပုံ - MOI

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄။             ။ စစ်မှန်သောဒီမိုကရေစီတည်ထောင်လို၍ လွှတ်တော်အတွင်းရှိ တပ်မတော်သားများကိုလျော့ချရန်ကြိုးပမ်းရခြင်းဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်သူတစ်ဦးကလွှတ်တော်အတွင်းမှာ တပ်မတော်သားကိုယ်စားလှယ်၂၅ ရာခိုင်နှန်းပါဝင်နေခြင်း  နှင့်ပက်သက်သည့် မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ ကျွန်မတို့က တပ်မတော်သားတွေကိုဖယ်ထုတ်ချင်လို့မဟုတ်ပါဘူး။ စစ်မှန်တဲ့ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ရွေးချယ် တင်မြောက် ထားတဲ့ ကိုယ်စားလှယ်တွေပေါ်မှာ တခြားရွေးချယ်တင် မြောက်ခံ ရမှု မရှိသူတွေက လွမ်းမိုးမှုမရှိအောင်လို့ ဖြစ်ပါတယ်။ ဒါဟာဒီမိုကရေ စီကိုတည်ထောင်ချင်လို့ဖြစ်ပါတယ်” ဟုဆိုသည်။

တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲတွင်ရှိနေခြင်းနှင့်ပက်သက်ရျ် “တပ်မတော်မှမဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းမှ ဒီမိုကရေစီစနစ်ကိုတကယ်ကျင့်သုံးတဲ့နိုင်ငံဆိုရင် ပြည်သူက ရွေးချယ် တင်မြှောက်တဲ့ ကိုယ်စားလှယ်မဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်အဖွဲ့ အစည်းကမှ လွှတ်တော်ကိုလွှမ်းမိုးပိုင်ခွင့်မရှိရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဓာတ်ပုံ - MOI

ဒီမိုကရေစီဆိုသည်မှာ ပြည်သူမှအုပ်ချုပ်သည့်စနစ်ဖြစ်၍  ပြည်သူမှမရွေးချယ်သည့် ပုဂ္ဂိုလ်များလွှတ်တော်ထဲတွင်ပါဝင်နိုင်သော်လည်း လုပ်ပိုင်ခွင့်မှာ အကန့်အသတ်ဖြင့်သာရှိသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့်လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပက်သက်၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် တစ်ဆင့်ချင်း ဆောင်ရွက်နေကြောင်းဆိုသည်။

အလားတူ ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ရန်ကြိုးပမ်းရခြင်းမှာလည်း ပုဂ္ဂိုလ်ရေးကြောင့်မဟုတ်ဘဲ ဒီမိုကရေစီ၏အခြေခံနှင့်မကိုက်ညီ၍ ကန့်ကွက် ရခြင်း ဟုလည်း အတိုင်ပင်ခံကပြောဆိုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ် ပင်လုံမြို့၊ ချင်းပြည်နယ် ထန်တလန် မြို့၊ တွန်းဇံမြို့နှင့် ကရင်ပြည်နယ်တို့ကိုသွားရောက်ပြီး လူထုတွေ့ဆုံပွဲများပြု  လုပ်နေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြဝတီမြို့သို့သွားရောက်ကာ လူထုနှင့်တွေ့ဆုံဦးမည်လည်းဖြစ်သည်။

အဆိုပါခရီးစဉ်များသည် နိုင်ငံတော်ဘက်ဂျက်အသုံးပြု၍ ၂၀၂၀ ရွေးကောက်ပွဲအတွက်မဲဆွယ်နေခြင်းဖြစ်သည်ဟူ၍ တိုင်းရင်းသားပါတီတချို့မှလည်းဝေဖန်ပြောဆိုနေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly