မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ရာထူးမှနုတ်ထွက်

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ရာထူးမှနုတ်ထွက်

ဖေဖော်ဝါရီ ၂၄။            ။ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ်က ရာထူးက နုတ်ထွက်ကြောင်း ‌ကြေညာလိုက်တာကြောင့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ ရှိလာပြီဖြစ်ပါတယ်။

ဝန်ကြီးချုပ် မဟာသီယာက မလေးရှားစံတော်ချိန် မွန်းလွဲ ၁ နာရီက ရာထူးမှနုတ်ထွက်လိုက်ကြောင်းကို  ဘုရင်မင်းမြတ်ထံအကြောင်းကြားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အာဏာရညွန့်ပေါင်းအဖွဲ့ Pakatan Harapan (Alliance of Hope) ကနေပြီးလည်း မဟာသီယာရဲ့ Parti Pribumi Bersatu Malysia ပါတီ နုတ်ထွက်သွားပြီဖြစ်ကြောင်း ညွန့်ပေါင်းပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ Muhyiddin Yassin က လူမှုမီဒီယာမှာ ကြေညာခဲ့တာကြောင့် အနာဂတ် ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ သံသယတွေ ရှိလာနေပါတယ်။

မဟာသီယာရဲ့ ပါတီဟာ မဟာသီယာရဲ့ နေရာမှာ ဆက်ခံရမယ့်သူ ဖြစ်တဲ့ People’s Justice Party PKR ပါတီက အန်နဝါအီဘရာဟင်ကို ဖယ်ချန်ပြီး အစိုးရသစ်ဖွဲ့စည်းသွားဖို့ စီစဉ်နေတယ်လို့ ယမန်နေ့ညက သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ခုလို မဟာသီယာရဲ့ ရာထူးက နုတ်ထွက်ကြောင်း ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒါဟာဆိုရင် ကာလကြာရှည် နိုင်ငံရေးစွန့်စားခန်းကြီးအကြား အသက် ၉၄ နှစ်အရွယ် မဟာသီယာနဲ့ အသက် ၇၂ နှစ်အရွယ် အန်နဝါတို့ရဲ့ နောက်ဆုံးပိတ် နိုင်ငံရေး  အားပြိုင်ပွဲလည်း ဖြစ်ပါတယ်။

မဟာသီယာနဲ့ အန်နဝါတို့ဟာ ၂၀၁၈ ရွေးကောက်ပွဲမတိုင်မီမှာ နိုင်ငံကို ဆယ်စုနှစ် ခြောက်ခုကြာ အာဏာဆုပ်ကိုင်ထားတဲ့ Barisan Nasional ညွန့်ပေါင်းအဖွဲ့ကို ပူးပေါင်းတိုက်ထုတ်ပြီး အံ့အားသင့်ဖွယ် ရွေးကောက်ပွဲအောင်ပွဲနှင့်အတူ ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို ဖယ်ရှားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

မဟာသီယာက အန်နဝါကို အာဏာလွှဲပေးမယ်လို့ ကြိမ်ဖန်များစွာကတိပြုခဲ့ပေမယ့် အချိန်တိတိကျကျသတ်မှတ်ဖို့ တင်းခံနေခဲ့တာကြောင့် Pakatan Harapan ညွန့်ပေါင်းအဖွဲ့အကြား တင်းမာမှုတွေ ကြီးထွားလာခဲ့ပါတယ်။

အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရေးအတွက် ပါလီမန်အမတ် ၂၂၂ ဦး ထံကနေ အနည်းဆုံး ထောက်ခံမဲ ၁၁၂ မဲလိုအပ်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly