တရုတ်၌ ကိုရိုနာကြောင့် လူ ၁၅၀ ဦး ထပ်မံသေဆုံး

ဘေကျင်း၊ ဖေဖော်ဝါရီ ၂၄။           ။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ယမန်နေ့က လူ ၁၅၀ ဦးထပ်မံသေဆုံးကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်အထိ စုစု ပေါင်းသေဆုံးသူဦးရေသည် ၂၅၉၂ ဦး ရှိသွားပြီဖြစ်သည်။

သေဆုံးသူများအနက် တစ်ဦးမှလွဲ၍ ကျန်လူအားလုံးမှာ ရောဂါစတင်ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သည့် ဟူဘေးပြည်နယ်မှဖြစ်ကြောင်းသိရသည်။ ထပ်မံကူးစက်ခံရသူ ၄၀၉ ဦးရှိခဲ့ပြီး ၁၁ ဦးမှအပ ကျန်လူများမှာလည်း ဘူဘေး မှပင်ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောဆိုခဲ့သည်။

တရုတ်နိုင်ငံရှိ ပြည်နယ်အတော်များများ၌ ရက်ပေါင်းများစွာဆက်တိုက် ရောဂါကူးစက်ခံရခြင်း မရှိခဲ့ဘဲ ဟူဘေးပြည်နယ်အတွင်းနှင့် တရုတ်ပြင်ပတွင်မူ အခြေအနေ ဆက်လက်ဆိုးရွားနေဆဲဖြစ်သည်။

ဟူဘေးပြင်ပအဖြစ် သေဆုံးခဲ့သူမှာ ဟဲနန်ပြည်နယ်မှဖြစ်ပြီး အသက် ၅၅ နှစ်အရွယ်ရှိ ဆရာဝန်တစ်ဦးဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

Covid-19 ဗိုင်းရပ်စ်သည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်ကို ကူးစက်ပျံ့နှံ့ခဲ့သောကြောင့် သတိပေးချက်များမြင့်တက်လာခဲ့သည်။

အီတလီတွင်လည်း ကိုရိုနာကူးစက်ခံရ၍ လူ ၃ ဦးမြောက်သေဆုံးခဲ့ကာ အာဏာပိုင်များက  ဗင်းနစ်ကာနီဗယ်ပွဲတော်ကို သတ်မှတ်ရက်ထက်စော၍ အဆုံးသတ်စေခဲ့သလို ဘောလုံးပွဲများကိုလည်း  ဆိုင်းငံ့ထားခဲ့သည်။

အီရန်၌ ၈ ဦးအထိ သေဆုံးခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်မှုကို ပိတ်ပင်ထားသည်။

တရုတ်အာဏာပိုင်များသည် ရောဂါကူးစက်ခံရသူများအား ရေတွက်ပုံနည်းစနစ်ကို အကြိမ်ပေါင်းများစွာ ပြောင်းလဲနေသောကြောင့် ကိန်းဂဏန်းအချက်အလက်များနှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly