မဖြစ်မနေကျော်လွှားရမယ့် မေမေတို့ရဲ့ စိတ်ဓာတ်ကျ ချိန်

မဖြစ်မနေကျော်လွှားရမယ့် မေမေတို့ရဲ့ စိတ်ဓာတ်ကျ ချိန်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးမွေးဖွားပြီးကာစအချိန်မှာ အိပ်လို့မရတဲ့ညတွေ၊ ကလေးကိုစောင့်ရှောက်ဖို့စိတ်ပူပန်မှုတွေ၊ အနီးကပ်တာဝန်အားလုံး ကိုယ့်ပခုံးပေါ်ရောက်လာတာ စတဲ့ စိန်ခေါ်မှုတွေရှိလာမှာကတော့ သဘာဝပါပဲ။ ကလေးမွေးကာစမေမေတွေ ၈၀ ရာခိုင်နှုန်းလောက်က စိတ်ဓာတ်ကျ တဲ့ပြဿနာကို ကြုံတွေ့ဖူးပါတယ်။ ဒီလိုကြုံလာရင် မိခင်ဘဝရဲ့ရှောင်လွှဲမရတဲ့စိန်ခေါ်မှုတွေကို မိခင်မေတ္တာပြည့်ဝစွာနဲ့ ဉာဏ်ရှိရှိရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။
မွေးဖွားပြီးစ စိတ်ဓါတ်ကျ လက္ခဏာတွေက –

  •     အကြောင်းရင်းမည်မည်ရရမရှိဘဲ ငိုကြွေးခြင်း
  •     စိတ်မရှည်ခြင်း
  •     စိတ်တို စိတ်ဆတ်ခြင်း
  •     ဂနာမငြိမ်ဖြစ်ခြင်း
  •     စိုးရိမ်သောကဖြစ်နေခြင်း
  •     ဘာတွေကြောင့်ဖြစ်ရတာလဲ
  •     မောပန်းနွမ်းနယ်ခြင်း
  •     အိပ်မပျော်ခြင်း (ကလေးအိပ်ပျော်နေချိန်တောင်မှ)
  •     ဝမ်းနည်းနေခြင်း
  •     စိတ်အပြောင်းအလဲမြန်ခြင်း
  •     အာရုံစူးစိုက်မရခြင်း

မွေးပြီး လေးရက်မြောက်နေ့လောက်မှာ ကလေးမွေးပြီးဖြစ်တတ်တဲ့ စိတ်ဓာတ်ကျ ဝေဒနာ အရှိန်တက်လာလေ့ရှိပြီး ၂ ပတ်မပြည့်ခင်အတွင်း ပြန်သက်သာသွားလေ့ရှိပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့ဟော်မုန်းပြောင်းလဲမှုတွေကို မတားဆီးနိုင်ပေမယ့် ဆင်ခြင်နေထိုင်မှုမရှိဘဲကြာလာရင် နောက်ပိုင်းဖြစ်လာနိုင်တဲ့ မီးဖွားပြီးစိတ်ကျဝေဒနာ (postpartum depression -PPD) ကိုတော့ ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားထားတဲ့ မိခင်တွေကိုပြုစုစောင့်ရှောက်ရမယ့်အကောင်းဆုံးနည်းလမ်းက စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲပြဿနာတွေကိုလျော့ပါးသက်သာစေဖို့ပဲဖြစ်ပါတယ်။

စိတ်ဓာတ်ကျ ပြဿနာတွေရှိနေပြီဆိုရင် အသစ်စက်စက် မိခင်တွေအနေနဲ့ ဘယ်လိုလုပ်ကြမလဲ။

ကိုယ့်ကိုစိတ်ချမ်းသာစေတဲ့အရာတစ်ခုခုကို လုပ်ပါ –

ခင်ပွန်း သို့မဟုတ် ကိုယ့်အတွက်၊ မိသားစုအတွက် ရည်ရွယ်ပြီး တစ်ခုခုကိုပြီးမြောက်အောင်လုပ်ပါ(ဥပမာ- သိုးမွေးထိုးတာမျိုး)။ တရေးအိပ်တာ၊ လမ်းလျှောက်ထွက်တာ၊ သူငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်တာ မျိုးလည်းလုပ်ပေးပါ။

အာဟာရညီမျှတဲ့အစားအစာတွေကိုပဲစားပါ-

ကိုယ်ဝန်နဲ့ဆို ဟိုဟာစားချင်၊ဒီဟာစားချင်ဖြစ်လာတတ်ပြီး မှန်မှန်ကန်ကန်မစားဖြစ်တော့ပါဘူး။ ကာဗိုဟိုက်ဒရိတ်အစားအစာတွေစားလွန်းရင် စိတ်အပြောင်းအလဲတွေကို ပိုဆိုးစေနိုင်ပါတယ်။

ကိုယ်ဝန်ရှိလာတဲ့အခါ ခန္ဓာကိုယ်က ကိုယ်ဝန်အတွက်အသင့်ဖြစ်စေဖို့ သွေးထဲမှာ အက်စထရိုဂျင်နဲ့ ပရိုဂျက်စတရုန်းဟော်မုန်းပမာဏတိုးလာပါတယ်။ ဟော်မုန်းပမာဏအပြောင်းအလဲကြောင့် စိတ်အခြေအနေမတည်ငြိမ်မှုတွေဖြစ်လာတတ်ပါတယ်။

ခံစားချက်တွေကို ဖွင့်ဟပါ –

ကိုယ့်အတွေးတွေနဲ့ခံစားချက်တွေကို စာအုပ်ထဲချရေးထားပါ။ ကလေးမွေးပြီးနောက်ပိုင်း မေမေတို့စကားဝိုင်း၊ မေမေတို့တွေ့ဆုံပွဲတွေမှာ ပါဝင်နိုင်အောင် ကြိုးစားပါ။ ကလေးရှိတဲ့ မိခင်ချင်း တွေ့ဆုံစကားစမြည်ပြောပါ။ မွေးကင်းစကလေးငယ်ကို ပြုစုစောင့်ရှောက်ရတဲ့စိန်ခေါ်မှုတွေကို ဘဝတူမိခင်တွေလောက် ဘယ်သူမှမသိ နားမလည်နိုင်ပါဘူး။

အပြင်ခဏထွက်ပေးပါ –

ကလေးအနှီးတွေ၊အသုံးအဆောင်တွေဝိုင်းဝိုင်းလည်နေတဲ့ ပတ်ဝန်းကျင်ကနေ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူပေးပါ။ တခါတလေကျတော့ ခဏလောက်ပဲဖြစ်ဖြစ် ပုံမှန်ဘဝနဲ့ကွဲထွက်နေတဲ့မြင်ကွင်းက အတော်လေးစိတ်ပေါ့ပါးစေနိုင်ပါတယ်။

ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ –

ဒီလိုပြောပြခြင်းအားဖြင့် အနည်းဆုံး စိတ်ဓာတ်ကျ နေတဲ့အချိန်မှာ ခဏလောက်တော့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့နားလည်မှုရယူထားဖို့ လိုအပ်သလို အချင်းချင်းဘယ်လိုအားပေးဖေးမနိုင်သလဲဆိုတာ အဖြေရှာပါ။ တခါတလေမှာ မိသားစုထဲကမဟုတ်တဲ့ ပြင်ပမိတ်ဆွေတွေနဲ့စကားစမြည်ပြောဆိုတာ ပိုကောင်းပါတယ်။

ခင်ပွန်းအတွက် အချိန်ပေးပါ –

ကိုယ်က စိတ်ဖိစီးနေမယ်၊ ပင်ပန်းနေမယ်၊အချင်းချင်း အချိန်သိပ်မပေးနိုင်ဘူးဆိုရင် ဇနီးမောင်နှံကြားကဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ ကလေးပြုစုစောင့်ရှောက်ရာမှာ သင်တို့နှစ်ဦးအတူတာဝန်ယူကြမယ်ဆိုရင်

စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေလျော့ပါးသွားမှာပါ။

ကိုယ်ခံစားနေရတဲ့အရာမှန်သမျှကို တစ်ယောက်တည်း ကြိတ်မခံစားဖို့ အရေးကြီးပါတယ်။ ကလေးမွေးပြီးဖြစ်လာတဲ့ စိတ်ဓာတ်ကျ ဝေဒနာတွေက ၁၄ ရက်ထက် ပိုကြာလာတယ်ဆိုရင်တော့ မီးဖွားပြီးစိတ်ကျဝေဒနာ (postpartum depression -PPD) လိုမျိုး ပိုပြင်းထန်တဲ့ရောဂါအခြေအနေ အထိဖြစ်လာနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly