ဆီးရီးယားနဲ့ ဂါဇာမှာ အစ္စရေးစစ်လေယာဉ်တွေ လေကြောင်းစီးနင်းတိုက်ခိုက်

ဆီးရီးယားနဲ့ ဂါဇာမှာ အစ္စရေးစစ်လေယာဉ်တွေ လေကြောင်းစီးနင်းတိုက်ခိုက်
Photo  - AFP

ဖေဖော်ဝါရီ ၂၄ ။                ။ ဆီးရီးယားနဲ့ ဂါဇာကမ်းမြောင်က အစ္စလာမ္မစ်ဂျီဟတ်တည်နေရာတွေကို တနင်္ဂနွေနှောင်းပိုင်းမှာ အစ္စရေးစစ်လေယာဉ်တွေဟာ လေကြောင်းစီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဖက်ဆီကို ပါကလက်စတိုင်းစစ်သွေးကြွအုပ်စုက ဒုံးကျည်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့ပြီးနောက်မှာ ခုလို လေကြောင်းစီးနင်းတိုက်ခိုက်တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။

ဂျုးနိုင်ငံတော် အစ္စရေးမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းတစ်ပတ်ပဲ လိုတော့ချိန်မှာ ခုလို တိုက်ခိုက်မှု ဖြစ်ပွားပေါ်ပေါက်တာဖြစ်ပြီး အစ္စရေးစစ်တပ်ထုတ်ပြန်ချက်မှာ ဂါဇာတစ်လျှောက်နဲ့ ဆီးရီးယားမြို့တော် ဒမတ်စကပ်အနီးက အစ္စလာမ္မစ်ဂျီဟတ်အကြမ်းဖက်သမားတွေနဲ့ တည်နေရာတွေကို အစ္စရေးလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

အစ္စရေးနဲ့ အနောက်ဖက်မှာ ရှိတဲ့ ဂါဇာနဲ့ မြောက်ဖက် ဆီးရီးယားက ပစ်မှတ်တွေကို အခု လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရမှုသတင်း လတ်တလော မသိရသေးပါ။

အဆိုပါ ဧရိယာနေရာနှစ်ရပ်စလုံးမှာ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့က ခြေကုပ်ယူထားတာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ၂၀၀၈ ခုနှစ်နေစပြီး အစ္စရေးနဲ့ သုံးကြိမ် စစ်ဖြစ်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတာလည်း ဖြစ်ပါတယ်.

ဂါဇာတစ်လျှောက်က အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ရဲ့ ပစ်မှတ် ဒါဇင်များစွာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

ဂါဇာကမ်းမြောက်ကနေ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ ဒုံးကျည်ပစ်လွှတ်ဖို့ ပြင်ဆင်နေတာကိုလည်း အစ္စရေးစစ်လေယာဉ်တစ်စင်းက ပစ်ခတ်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။

ဆီးရီးယားက ထိုးစစ်မှာ ဒမတ်စကပ်မြို့တော်ပြင်ပမှာရှိတဲ့ ဂျီဟတ်အုပ်စုရဲ့ အဓိကခြေကုပ်ရာ စစ်စခန်းအပါအဝင် ပစ်မှတ်တော်တော်များများကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒမတ်စကပ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ တိုက်ခိုက်မှုတွေဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဆီးရီးယားနိုင်ငံပိုင် ဆာနားရုပ်သံကတော့ ရန်သူ့ဒုံးကျည်တော်တော်များများကို ပစ်မှတ်ဆီမရောက်ခင် ကြားဖြတ်ပစ်ချနိုင်ပြီး လေဆိပ်ကိုလည်း ထိမှန်ခြင်း မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly