၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပထမ ၆ လ အတွင်း နိုင်ငံခြားကုမ္ပဏီ ၁၀၁ ခု ခွင့်ပြုခဲ့

၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပထမ ၆ လ အတွင်း နိုင်ငံခြားကုမ္ပဏီ ၁၀၁ ခု ခွင့်ပြုခဲ့

အောက်တိုဘာ ၃၀ ရက် ။                ။ မြန်မာအစိုးရက ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ဧပြီမှ စက်တင်ဘာအတွင်း ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံ ရန် နိုင်ငံခြားကုမ္ပဏီ ၁၀၁ ခုအား ခွင့်ပြုထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှ သိရကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဟိုတယ်နှင့် နိုင်ငံခြားခရီးသွား၊ မြေနှင့် အဆောက်အဦး၊ သတ္တုတူးဖော်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားခြင်းဖြစ်သည်ဟု သိရသည်။

၆ လပတ် ကာလအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒဿမ ၂၈ ဘီလီယံ တန်ဖိုး ရှိပြီး ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ အပိုင်းက ကန်ဒေါ်လာ ၂ ဒဿမ ၀၅ ဘီလီယံနှင့် အများဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုတွင် ကန်ဒေါ်လာ ၅၉၀ ဒဿမ ၀၅၇ သန်းနှင့် ဒုတိယ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒေါ်လာ သန်း ၂၇၀၊ မြေနှင့် အဆောက်အဦး ၂၃၂ ဒဿမ ၈၇ သန်း၊ အခြားဝန်ဆောင်မှုလုပ်ငန်းများ ၈၅ ဒဿမ ၀၅ သန်း၊ ဟိုတယ်နှင့် နိုင်ငံခြား ခရီးသွား ၅၀ ဒဿမ ၇၅ သန်း၊ သတ္တုတူးဖော်ရေး ၂ ဒဿမ ၁၈၃ သန်း ဖြစ်သည်ဟု ဆင်ဟွာက အောက်တိုဘာ ၃၀ တွင် ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုသူများမှာ သြစထြေးလျ၊ ဘရူနိုင်း၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ နယ်သာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ၏ အဆိုအရ နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် နှစ်ဆတက်လာပြီး ၂၀၁၃-၁၄ တွင် ကန်ဒေါ်လာ ၄ ဒဿမ ၁ ဘီလီယံရှိရာမှ ၂၀၁၄-၁၅ တွင် ၈ ဒဿမ ၀၁ ဘီလီယံ ရှိသည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများတွင် တရုတ်နိုင်ငံသည် ကန်ဒေါ်လာ ၁၄ ဒဿမ ၈၇ ဘီလီယံဖြင့် ထိပ်ဆုံးမှရှိနေပြီး၊ စင်္ကာပူ က ၁၀ ဒဿမ ၈၅ ဘီလီယံဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံက ၁၀ ဒဿမ ၂၉၇ ဘီလီယံဖြင့် တတိယ အသီးသီးဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly