နှစ်လအတွင်း ငွေကျပ် ၂၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

နှစ်လအတွင်း ငွေကျပ် ၂၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ။             ။ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ကာလတန်ကြေး ငွေကျပ် ၂၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြား ရေး အဖွဲမှသိရသည်။

တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ခန့်မှန်းမြန်မာကျပ်ငွေ တန်ဖိုး ၁၀ ဒသမ ၈ ဘီလီယံဖြင့်အများဆုံး သိမ်းဆည်း မိခဲ့ပြီး ကမ်းရိုး တန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွင်  ခန့်မှန်းမြန်မာကျပ်ငွေတန်ဖိုး ၉ ဒသမ ၉ ဘီလီယံဖြင့် ဒုတိယ အများဆုံးဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ မများပါဘူး။ ပုံမှန်ပါပဲဗျ။ နှစ်လ၊ သုံးလ အတွင်း ဒါထက်အလုံးအရင်းကြီးတဲ့အချိန်ဆိုဒီထက်တောင်များပါသေးတယ်” ဟုဆိုသည်။

၂၀၂၀ ခုနှစ်ဆန်းပိုင်း နှစ်လအတွင်း စစ်ဌာနချုပ် နယ်မြေ ၄ ခုမှဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးစုစုပေါင်း၏ ငွေကြေးပမာဏမှာ မြန်မာကျပ်ငွေ ၂၅.၃ ဘီလီယံအထိ ရှိနေခြင်းဖြစ်သည်။ဖမ်းဆီးရမိမှုများထဲတွင် မူးယစ် ဆေး နှင့်စိတ်ကြွဆေးပြားများ အများဆုံးဖြစ်သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ EAO အဖွဲ့တွေ၊ EAO အဖွဲ့တွေဆိုတာတော့ လက်ရှိတရားမဝင် လက်နက်ကိုင်အဖွဲ့တွေပေါ့နော် တရားမဝင် လက်နက်ကိုင်တွေရဲ့ဟာတွေပါ။ သူတို့ပဲ ဆက်စပ်တာ များ ပါတယ်။ အများစုကတော့ အဲ့လိုပဲလို့ ကျွန်တော်ပြောလို့ရပါတယ်” ဟုပြော သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စိတ်ကြွဆေးပြား လေးသန်းကျော်ကို ထိုင်းစစ်တပ်က ဖမ်းမိခဲ့ပြီး  မြန်မာနိုင်ငံ၊ ဝဒေသမှထုတ်သည်ဟု ထိုင်းအာဏာပိုင်မှ စွပ်စွဲခဲ့သေးသည်။

သို့သော်လည်း UWSA အနေဖြင့် ငြင်းပယ်ခဲ့ပြီး ၎င်းတို့အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို တက်တက်ကြွကြွလုပ် ဆောင်နေကြောင်း ပြောဆိုထားသည်။

အလားတူ AA၊ TNLA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များမှလည်း မူးယစ်ဆေးနှင့်မပတ်သက်ကြောင်းငြင်းဆိုထားကြပြီး မူးယစ် ဆေးတိုက်ဖြတ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်း ၎င်းတို့တရားဝင် Website စာမျက်နှာများမှတစ်ဆင့်ဖော်ပြကြသည်။

ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်မှုအဖြစ် ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနား များကိုလည်း နှစ်စဉ်ကျင်းပလေ့ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly